ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ဒီလထဲပြန်လက်ခံဖို့ နှစ်နိုင်ငံသဘောတူ
2019.08.16

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ နေရပ်စွန့်ခွာဒုက္ခသည်တွေထဲက တချို့ကို အခု သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်လက်ခံဖို့ ရက်သတ်မှတ်ပြီးပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေထဲက အချို့ကို လာမယ့် သြဂုတ်လ ၂၂ ရက်မှာ ပြန်လည် လက်ခံဖို့ မြန်မာဘက်က ကမ်းလှမ်းထားသလို အဲဒီရက်မှာပဲ ပြန်လာရေးလုပ်ငန်းတွေ စတင်ဖို့ နှစ်နိုင်ငံလျာ ထားထားပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းမပြန်သေးဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက RFA ကို ပြောပါတယ်။
"အဲဒီတော့ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာသွားတဲ့လူတွေ ကျွန်တော်တို့ ပြန်လက်ခံဖို့အတွက်ကို နှစ်နိုင်ငံညှိနှိုင်းတယ်၊ နှစ်နိုင်ငံညှိနှိုင်းတော့ ကျွန်တော်တို့ ပြန်လည်လက်ခံနိုင်တဲ့ စာရင်းတွေကိုလည်း ကျွန်တော်တို့ တစ်ဖက်ကိုပို့ထားပြီးပြီ၊ အဲဒီတော့ ရက်ချိန်းကတော့ ကျွန်တော်တို့ ပေးလိုက်တယ်၊ ဒီသြဂုတ်လ ၂၂ ရက်၊ သြဂုတ်လမှာ စတင်ပြီးတော့ ပြန်လည်လက်ခံဖို့ ပို့ပေးပါဆိုပြီးတော့ တစ်ဖက်ကို ရက်ပေးလိုက်တယ်ပေါ့၊ ဒါပေမဲ့ တစ်ဖက်က တုံ့ပြန်တာ မရသေးဘူးခင်ဗျ၊ အဲဒါကြောင့် ကျွန်တော် အတိအကျမပြောနိုင်သေးတာ၊ ဒါပေမဲ့ အဲဒီရက်ကိုတော့ လျာထားခဲ့တာပေါ့၊ အဲ့တာကတော့ တစ်ဖက်ကကိစ္စဆိုတော့ ကျွန်တော်တို့က မသိဘူးပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ စာရင်းဇယား စာရင်းတွေရော လူလက်ခံနိုင်တဲ့စာရင်းတွေရော စိစစ်ပြီးတော့ အကုန်လုံးပြန်ပို့ထားပြီးပါပြီ"
မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ကိစ္စတွေကို အကုန်အဆင်သင့်ပြင်ဆင်ထားတဲ့အပြင် အဲဒီနေရာတွေကို အာဆီယံနိုင်ငံက တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်ကြည့်ရှုပြီး ပိုကောင်းအောင် လုပ်ဆောင်ထားတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဆောင်ရွက်နေပေမယ့် အခုအချိန်အထိ အဲဒီအစီအစဉ် အောင်မြင်မှုမရှိသေးဘဲ ဖြစ်နေတာပါ။
ဒီတစ်ကြိမ် ကမ်းလှမ်းထားမှု အောင်မြင်မလားဆိုတာတော့ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်ပဲ မူတည်နေပြီး တကယ်ပြန်လာချင်သူတွေကိုသာ စာရင်းကောက်ထားတာဆိုရင်တော့ ပြန်လာကြမှာပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဆိုပါတယ်။
"ဟုတ်ကဲ့ နေရပ်စွန့်ခွာတဲ့သူတွေကိုတော့ ကျွန်တော်တို့ လက်ခံဖို့လေ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတာ သူတို့ဘက်က အကြောင်းမပြန်သေးဘူးပေါ့နော်၊ အဲဒါသူတို့အပေါ်မှာ မူတည်တယ်၊ အဓိကကတော့ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာချင်တဲ့သူတွေဖြစ်ဖို့ အရေးကြီးတယ်လေ၊ အဲဒီလူတွေသာ ကျွန်တော်တို့ဘက်ကို စာရင်းတွေပေးထားတယ်၊ သူတို့ပြန်လာမယ်ဆိုတဲ့သူတွေ စာရင်းတွေ ပေးထားတယ်၊ ပေးထားတဲ့သူတွေကို ကျွန်တော်တို့ စိစစ်ပြီးတော့ လက်ခံမယ့်ဟာကို သူတို့ကို အကြောင်းကြားထားတယ်လေ၊ အကြောင်းကြား ထားတော့ သူတို့စလာကတည်းကိုက တကယ့်ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်တယ်ဆိုတဲ့သူတွေဆီကနေ ဒီဟာတွေဖြည့်ပြီးတော့ ကောက်ထားတယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်၊ သူတို့စလာကတည်းကနေ ကျွန်တော်တို့နဲ့ သဘောတူထားတဲ့ အချက်တွေရှိတယ်လေ၊ ပြန်လာချင်တဲ့ နေရပ်စွန့်ခွာတဲ့သူတွေ၊ သူတို့ကိုယ်တိုင် ဖောင်တွေဖြည့်ရမယ်၊ လက်မှတ်တွေ ထိုးရမယ်၊ နောက်ပြီးလို့ရှိရင် လက်ဗွေတွေ နှိပ်ရမယ်ပေါ့လေ၊ ဒီလူတွေသာ တကယ်တမ်း ဒီဖောင်တွေဖြည့်ထားပြီး ဒါတွေလုပ်ထားတယ်ဆိုရင် ဒီလူတွေပြန်လာမှာပေါ့ တကယ်တမ်းတော့"
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးမြင့်သူကလည်း ဘင်္ဂလားဒေ့ရှ်ဘက်က မကြာခင်က ပေးပို့ခဲ့တဲ့ လူဦးရေအမည်စာရင်း ၂၂၀၀၀ ကျော်ထဲက ပထမအသုတ်အဖြစ် ၃၅၄၀ ကို လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်လက်ခံဖို့ သဘောတူထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
ဒါပေမဲ့ သင်္ခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ဦးခင်မောင်က ပြန်ပို့ဖို့အတွက် သတင်းကြားနေတာဟာ တကယ့်ဒုက္ခသည်စခန်းကြီးတွေ မဟုတ်ဘဲ နယ်စပ်နဲ့နီးစပ်တဲ့ ဒုက္ခသည်စခန်းအချို့သာဖြစ်ပြီး သူတို့ကိုတော့ လာရောက်အကြောင်းကြားတာလည်း မရှိဘူးလို့ RFA ကို ပြောပါတယ်။
"အခုလည်းလောလောဆယ် အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှသိကြတာ မရှိဘူး၊ ကျွန်တော်တို့ စခန်းတွေမှာပဲ ကျွန်တော်တို့နေကြတာ၊ လောလောဆယ် ကျွန်တော်တို့ ဒုက္ခသည်တွေကို အသိပေးတာ ကျွန်တော်တို့ မတွေ့ရပါဘူး၊ အဲဒါကြောင့် လောလောဆယ် ကျွန်တော်တို့သိရတဲ့ စခန်းတွေကလည်း စခန်း ၂၄ ရယ်၊ ၂၇ ၊ ၂၃၊ အဲဒီစခန်းတွေဟာ နယ်စပ်နဲ့နီးစပ်ပြီးတော့ရှိတဲ့ စခန်းတွေ၊ အရင်တုန်းကရှိခဲ့တဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကပ်ပြီးတော့ရှိတဲ့စခန်းတွေ၊ အဓိကလူတွေနေခဲ့တဲ့ စခန်းတွေ မဟုတ်ဘူး၊ အဓိက လူတွေဒီမှာနေခဲ့တဲ့ စခန်းတွေကတော့ ကုတုပါလောင်ရှိတယ်၊ ဘာလိုဟာလီဆိုပြီးတော့ စခန်းရှိတယ်၊ သင်္ခါလီရှိတယ်၊ ဒီစခန်းတွေက အကြီးဆုံးစခန်းပါ၊ ဒီစခန်းထဲကလူတွေက တစ်ယောက်မှမပါဘူး၊ အဲဒါကြောင့် ဒါဟာလည်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော် ပြောချင်တယ်၊ လူတွေက သူ့ဆန္ဒနဲ့သူပြန်ဖို့က အခုအချိန်က စောသေးတယ်လို့ ကျွန်တော် ပြောချင်တယ်"
ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ ဒုက္ခသည်တွေဟာ သူတို့တောင်းဆိုနေတဲ့ နိုင်ငံသားဖြစ်ခွင့်၊ တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးရဖို့နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေပြန်ရဖို့ စတဲ့ တောင်းဆိုချက်တွေ မရမချင်း နေရပ်ပြန်ဖို့ဘယ်တော့မှမဖြစ်နိုင်သလို တကယ်လို့ ဒီလူတွေပြန်နိုင်ဖို့ ကြိုးစားခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ တစ်စုံတစ်ခုရှိမယ်လို့ သုံးသပ်မိကြောင်း ဦးခင်မောင်က ဆိုပါတယ်။
ဒုက္ခသည်တွေဟာ ပြန်လာသင့်တာကြာပြီဖြစ်ပေမယ့် လုံခြုံစိတ်ချစွာ ကိုယ့်ပိုင်လွတ်လပ်ခွင့်နဲ့ ရွေးချယ်ပြီး ပြန်လာနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးအေးလွင်က ပြောပါတယ်။
"လာသင့်တာတော့ ကြာပြီပေါ့ဗျာ၊ သူ့အိမ်သူ ပြန်လာတာပဲ၊ တစ်ခုပဲ ဂုဏ်သိက္ခာရှိစွာနဲ့သူတို့ လုံခြုံစိတ်ချ စွာပေါ့နော်၊ သူတို့ရဲ့လွတ်လပ်သော ရွေးချယ်မှုနဲ့ပြန်လာနိုင်ရင်တော့ ကောင်းတာပေါ့၊ နှစ်နိုင်ငံအစိုးရ ရဲ့သဘောတူညီချက်တွေကို တကယ်လက်တွေ့ကျကျ အကောင်အထည်ဖော်ရင် နောက်ပြီး ပြန်လာမယ့် ကိုယ့်အိမ့်ကိုယ် ပြန်လာမယ့်လူတွေဟာ အဲဒီအပေါ်မှာ ယုံကြည့်စိတ်ချမှုရှိတယ်ဆိုရင်တော့ တဖြည်းဖြည်းဖြစ် လာမှာပါ၊ တဖြည်းဖြည်းသူတို့ကို လက်တွေ့နဲ့ သက်သေပြနိုင်ရင်တော့ အကောင်အထည်ဖော်လာနိုင်မှာပါ"
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တိုက်ခိုက်မှုအပြီး ရခိုင်ပြည်နယ်က လူပေါင်း ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောကြားထားပါတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်လာရေးအစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာ တစ်နှစ်ကျော်ကြာပြီဖြစ်ပေမယ့် ဒီနေ့အချိန်အထိ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာတဲ့ မွတ်စလင်ဒုက္ခသည်နဲ့ ဟိန္ဒူဒုက္ခသည် အနည်းငယ်သာရှိပြီး အစိုးရအစီအစဉ်နဲ့ပြန်လာတာ တစ်ယောက်မှ မရှိသေးပါဘူး။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)