ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာအဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားမည်


2019.07.22
dr-winmyataye-622.jpg လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို ၂၀၁၉၊ ဇူလိုင် ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Pyidaungsu Hluttaw

ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ၂၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

နေပြည်တော်က လွှတ်တော် ခေတ္တနားချိန်မှာ RFA သတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ကို ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ကို လာမယ့် ၂၆ ရက်ကစပြီး သုံးရက်တိုင်တိုင်သွားရောက်မယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလမှာ မြန်မာဘက်က ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံ သဘောတူညီထားပေမယ့် ပမာဏများပြားတဲ့ ပြန်လည်လက်ခံမှုအစီအစဉ်တွေ မဖြစ်မြောက်သေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုတွေအပြီး မြန်မာဘက်က လူပေါင်း ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေနဲ့ ကုလအဖွဲ့အစည်းတွေက ပြောထားကြပါတယ်။

ဘင်္ဂလားဒေ့ရ်ှအစိုးရ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံလာအောင် မြန်မာအစိုးရကို ဖိအားပေးဖို့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုနေကြပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ကတိပေးထားတာရှိပါတယ်။

(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။