နေရပ်မပြန်ဖို့ တားဆီးပိတ်ပင်တာတွေ ရှိတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော
2019.08.29
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဒုက္ခသည်တွေထဲမှာ ပြန်လာချင်သူတွေရှိပေမယ့် စခန်းတာဝန်ရှိသူတွေက မပြန်ဖို့ တားဆီးတာတွေရှိသလို ARSA လို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း တားဆီးပိတ်ပင် လွှမ်းမိုးတာတွေ ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့က ပြန်လည်လက်ခံရေးတွေ ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့် ပြန်လာတဲ့သူ မရှိတဲ့အပေါ် ဒီနေ့ အမျိုးသားလွှတ်တော်ကို တက်ရောက်လာတဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ အဲဒီလိုပြောကြားခဲ့တာပါ။
မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်နေ့က ပြန်လည်လက်ခံရေးတွေ ဆောင်ရွက်ဖို့ တရားဝင် ထုတ်ပြန်ထားခဲ့ပေမယ့် ပြန်လာတဲ့သူတွေ မရှိသေးတာဟာ အဲဒီလို တားဆီးမူတွေကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဝန်ကြီးက နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ မိမိရဲ့ ဆန္ဒအလျောက်သာ ပြန်နိုင်တယ်ဆိုတဲ့ စကားလုံးကို ထည့်သွင်းထားတဲ့အတွက် တကယ်ပြန်ဖို့ ဆန္ဒရှိသလားဆိုတာကို ဘင်္ဂလားဒေ့ရှ်ဘက်က အာဏာပိုင်တွေက စာရင်းကောက်ယူရမှာဖြစ်ပေမယ့် အဲဒီအပိုင်းမှာ လိုအပ်ချက်ရှိခဲ့တယ်လို့ ပြောပါတယ်။
နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံဖို့ စခန်း နှစ်ခုနဲ့ ကြားစခန်းတစ်ခုကို မြန်မာအစိုးရက စီစဉ်ထားတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီး အဘူမိုမင်က အစိုးရအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ အတင်းအဓမ္မ မဆောင်ရွက် ခဲ့ကြောင်း၊ မိမိတို့ဘက်က ချို့ယွင်းချက် မရှိအောင် လိုအပ်သမျှ အသင့်ပြင်ဆင်ထားခဲ့ကြောင်း၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အကောင်းမြင်ပါကြောင်း ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေ ပထမအကြိမ် နေရပ်ပြန်ရေး မအောင်မြင်ခဲ့သလို၊ သြဂုတ်လ ၂၂ ရက်နေ့ ဒုတိယအကြိမ် မှာလည်း နှစ်နိုင်ငံ တာဝန်ရှိသူတွေ တနေကုန် စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့တာပါ။