ရှမ်းမြောက်က KBZ ဘဏ်ခွဲတချို့အတွက် လုံခြုံရေးတာဝန်ယူကြောင်း SSPP/ SSA ပြော
2020.06.28
ရှမ်းပြည်နယ် မြောက်ပိုင်းက ကမ္ဘောဇဘဏ်ခွဲတချို့မှာ SSPP/ SSA က ငွေကြေးတောင်းခံတဲ့စာ ထုတ်ထားတယ် ဆိုတဲ့ သတင်းတွေကြောင့် ဘဏ်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။ SSPP ကတော့ နောက်နောင် ဒါမျိုးတွေ မဖြစ်စေဖို့နဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူကြောင်း ပြောဆိုထားပါတယ်။
ကျောက်မဲ၊ နောင်ချိုနဲ့ သီပေါက ကမ္ဘောဇဘဏ်ခွဲတွေဆီကနေ SSPP ဌာနေတပ်သားတွေက ငွေတောင်းဖို့ အကြောင်းကြားစာ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ကိစ္စအတွက် SSPP/ SSA ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက RFA ကနေ အခုလို ရှင်းပြခဲ့တာပါ။
SSPP အနေနဲ့ အောက်ခြေတပ်သားတွေကို ဘဏ်တွေမှာ ငွေကောက်ခံခိုင်းတာမရှိဘဲ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်မှသာ ဗဟိုဌာနချုပ်ကနေ တိုက်ရိုက်အကူအညီ တောင်းခံတာမျိုးပဲရှိတယ်လို့ ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေအနေနဲ့ ငွေကြေးကိစ္စ တွေ့ဆုံဆွေးနွေးဖို့ လာရောက်ရန်ဆိုပြီး အောက်ခြေတပ်သားတွေက SSPP တံဆိပ်ပါတဲ့ ဆင့်ခေါ်စာ ပို့ခဲ့တာကို ဗဟိုတာဝန်ရှိသူတွေက သိရှိခဲ့တဲ့အတွက် အချိန်မီတားမြစ်ခဲ့တာလို့ ပြောပါတယ်။၊
အဲဒီမြို့နယ် သုံးခုက ကမ္ဘောဇဘဏ်ခွဲ သုံးခုကတော့ ဇွန်လ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီး လက်နက်ကိုင်တွေကြောင့်မဟုတ်ဘဲ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဘဏ်ဝန်ထမ်းတွေနည်းလို့ ယာယီ ပိတ်ထားတာသာဖြစ်တယ်လို့ ကျောက်မဲမြို့ ကမ္ဘောဇဘဏ်ခွဲ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ ကျောက်မဲနဲ့ နောင်ချိုက ဒေသခံတွေက ပြင်ဦးလွင် ကမ္ဘောဇဘဏ်၊ သီပေါဒေသခံတွေကတော့ လားရှိုး ကမ္ဘောဇဘဏ်တို့နဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အဲဒီဘဏ်တွေက ကြေညာချက် ထုတ်ပြန်ထားခဲ့ပါတယ်။
လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာတော့ အဲဒီဘဏ် သုံးခုစလုံး ပြန်ဖွင့်မယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးကြီး ဗညားဦးကတော့ ပုဂ္ဂလိက ဘဏ်တွေမှာ ထူးခြားသတင်းတွေရှိရင် ရဲတပ်ဖွဲ့ လုံခြုံရေး ဆောင်ရွက်ပေးတာရှိပေမယ့် ရဲတပ်ဖွဲ့ အင်အားနည်းတာကြောင့် အခြားအချိန်တွေမှာ အချိန်ပြည့် စောင့်ပေးနိုင်တာမျိုးတော့ မရှိဘူးလို့ပြောပါတယ်။
ကျောက်မဲဒေသခံ ကိုသားဇော်ကတော့ ဘဏ်တွေပိတ်ထားလို့ ဒေသခံတွေအတွက် ငွေကြေး လွှဲပြောင်း ထုတ်ယူ ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။
SSPP အဖွဲ့ကတော့ သူတို့အဖွဲ့ လှုပ်ရှားရာဒေသတွေမှာ နှစ်စဉ် တစ်နှစ်တစ်ကြိမ် အခွန်တောင်းခံလေ့ရှိပြီး လုပ်ငန်းရှင်ကြီးတွေကိုသာ ရန်ပုံငွေပုံစံမျိုး ထည့်ခိုင်းပြီး အိမ်ပေါက်စေ့ ကောက်ခံတာမရှိဘူးလို့ SSPP က ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။
SSPP အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာမှာ ဌာနချုပ် ရှိတာပါ။ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှုးမြို့နယ်တွေမှာ အဓိကလှုပ်ရှားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်လန်၊ သိန်နီ၊ ကွတ်ခိုင်၊ မူဆယ်၊ တန့်ယန်း စတဲ့ မြို့နယ်တွေမှာ အဓိလှုပ်ရှားတာဖြစ်ပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးအရ လိုက်နာရမယ့်အချက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
အစိုးရနဲ့ ဆက်ဆံရေးအတွက် လားရှိုးအပါအဝင် မြို့နယ်အချို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်ထားပါတယ်။ စစ်အင်အား တစ်သောင်းကျော်ရှိတဲ့ SSPP အနေနဲ့ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် NCA မှာတော့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။