SSPP/SSA နယ်မြေတွေမှာ လွတ်လပ်စွာ မဲဆွယ်စည်း ရုံးနိုင်ကြောင်း ကြေညာချက်ထုတ်
2017.02.25

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ဒေသမှာ ပါဝင်တဲ့ မဲဆန္ဒနယ်မြေတွေ မှာ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း SSPP/SSA က ဒီနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တရားဝင်နိုင်ငံရေးပါတီတွေအနေနဲ့ SSPP/SSA တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ရှိတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းက SSPP ထိန်းချုပ်ဒေသက မဲဆန္ဒနယ်တွေမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်၊ လွတ်လပ်စွာ ရွေးကောက်ပွဲကျင်းပခွင့်ရှိခဲ့ကြောင်း၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာကိုလည်း SSPP/SSA အနေနဲ့ ကြိုဆိုကြောင်းလည်း ပါရှိပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာထဲက ကျေးသီးမြို့နယ်နဲ့ မိုင်းရှူး မြို့နယ်တွေဟာ SSPP တပ်တွေ စိုးမိုးတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိလို့ဆိုပြီး ကျေးသီးမြို့နယ်နဲ့ မိုင်းရှူး မြို့နယ် ပြည်သူ့လွှတ်တော် နေရာမှာ ရွေးကောက်ပွဲမကျင်းပခဲ့ပါဘူး။
အဲဒီ မြို့နယ်နှစ်ခုမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) နေရာနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၄) နေရာအတွက် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီ မဲဆန္ဒနယ်တွေအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီနဲ့ "ဝ" လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ် ပါတယ်။