တပ်အရွှေ့အပြောင်းကိစ္စ SSPP နဲ့ ညှိနှိုင်းမှုပြေလည်ခဲ့ကြောင်း TNLA ပြော

RFA Burmese
2024.05.29
တပ်အရွှေ့အပြောင်းကိစ္စ SSPP နဲ့ ညှိနှိုင်းမှုပြေလည်ခဲ့ကြောင်း TNLA ပြော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်။
AFP

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပေးဖို့ နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေ ညှိနှိုင်းရာမှာ ပြေလည်မှုရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မေလ ၂၉ ရက်နေ့မှာ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေများနေပြီး အခွန်ကောက်ခံမှုတွေကြောင့် ဒေသခံတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့အပေါ် နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေ ဗဟိုအဆင့်မှာ အခုရက်ပိုင်းညှိနှိုင်းခဲ့ကြပြီး ပြေလည်မှုရခဲ့တာလို့ TNLA ပြောခွင့်ရ သတင်းပြန်ကြားရေးဌာနမှူး လွေးယေဦးက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးကာလက ကျွန်မတို့ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းထဲမှာ သူတို့က လာထိုင်တာပေါ့နော်။ ပြီးတော့ အခွန်အကောက်ကိစ္စတွေလည်းပါတော့ ဒီကိစ္စကိုဗဟိုမှာ နှစ်ဖက်ညှိနှိုင်းတာ အဆင်ပြေသွားခဲ့ပြီဖြစ်ပါတယ်။ အခု SSPP တပ်ဖွဲ့ဝင်တွေကို ပြန်ပို့ပေးတယ်ဆိုတာကလည်း ဗဟိုညှိနှိုင်းမှုရလဒ်ကို အကောင်အထည်ဖော်တာဖြစ်ပါတယ်”

နမ့်ခမ်းမြို့ခံတချို့ကလည်း မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ SSPP တပ်ဖွဲ့ဝင်တွေကို ကားတွေနဲ့ တင်ဆောင်ပြီး မူဆယ်မြို့ဘက်ကို ပို့ဆောင်တာတွေ့ရပေမယ့် အခြေအနေအသေးစိတ်ကိုတော့ မသိရဘူးလို့ ပြောပါတယ်။

နမ့်ခမ်းမြို့နယ်အတွင်းမှာ အရင်ကတည်းက SSPP တပ်ဖွဲ့ဝင်တွေ လှုပ်ရှားလေ့ရှိပြီး လက်ရှိမှာလည်း အင်အား တစ်ရာကျော်နဲ့ နယ်မြေစိုးမိုးရေး လုပ်နေတာရှိတယ်လို့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

“နမ့်ခမ်းက အရင်ကတည်းက SSPP လှုပ်ရှားနယ်မြေပဲ။ အခုဘာဖြစ်ကြတယ်ဆိုတာတော့ အတိအကျ မသိရဘူး။ မြေပြင်မှာ သတင်းက အမျိုးမျိုးထွက်နေတာ။ တစ်နေ့ကတော့ ကားတွေနဲ့ မူဆယ်ဘက်ကို ပို့နေတာရှိတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ SSPP သတင်းပြန်ကြားရေးတာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုနဲ့ ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့တာပါ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထားတဲ့ သိန္နီမြို့နယ်အတွင်းမှာလည်း ၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်နေ့က SSPP နဲ့ MNDAA တပ်ဖွဲ့တွေကြား နှစ်ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

SSPP၊ TNLA နဲ့ MNDAA တပ်ဖွဲ့တွေဟာ UWSA “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှာပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။