ကာလကြာတိုက်ပွဲဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

RFA Burmese
2023.11.29
ကာလကြာတိုက်ပွဲဖြစ်ခဲ့တဲ့ SSPP နဲ့ RCSS တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်တို့အား တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်အတွင်း ကာလရှည်တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့အကြား နိုဝင်ဘာလ ၂၉ ရက် ဒီနေ့ကစပြီး အပစ်ရပ်လိုက်ပြီလို့ (SSPP) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။

ရှမ်းလူထုနဲ့ သံဃာတွေရဲ့ ကာလကြာရှည်တောင်းဆိုချက်ပေါ် အခြေခံပြီး (SSPP) နဲ့ (RCSS) တပ်ဖွဲ့ ဥက္ကဋ္ဌနှစ်ဦး ရဲ့ ဆန္ဒအရ အခုလို အပစ်ရပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲကြောင်းကို နှစ်ဖွဲ့စလုံးရဲ့ ပြန်ကြားရေးဌာနတွေကနေလည်း တရားဝင်ထုတ်ပြန်ခဲ့တယ်။

လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ သဘောတူထုတ်ပြန်ချက်အရ အပစ်အခတ်ရပ်စဲရေးပြီးရင် စစ်သုံ့ပန်းတွေ လဲလှယ်ဖို့လည်း ပါဝင်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

“အပစ်ခတ်ရပ်စဲရေးရယ်၊ နှစ်ဖက်ကြားမှာရှိနေတဲ့ စစ်သုံ့ပန်းတွေ ဖလှယ်ဖို့ပါတာပေါ့။ နောက်တစ်ခုက ဒေသအတွင်းမှာ ဖြတ်သန်းသွားလာတဲ့အခါမှာ အချင်းချင်း ကြိုတင်အကြောင်းကြားဖို့ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုတဲ့နေရာမှာ မီဒီယာထိုးနှက်မှုတွေရော၊ အချင်းချင်းဝေဖန် ပုတ်ခတ်မှုတွေ မလုပ်ဖို့ အဲဒါက တားမြစ်ချက်တွေပေါ့”

ဒီသဘောတူချက်တွေကို မူလက လက်နက်ကိုင်နှစ်ဖွဲ့ ဥက္ကဋ္ဌပိုင်းက သဘောတူ လက်မှတ်ထိုးဖို့ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေအရ ခေါင်းဆောင်တွေရဲ့ကိုယ်စား ကိုယ်စားလှယ်အဖွဲ့ကပဲ လက်မှတ်ရေးထိုးခဲ့တယ်လို့ SSSPP ဘက်က ပြောပါတယ်။

ယုံကြည်မှုတည်ဆောက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မယ်ဆိုတာနဲ့ နယ်မြေ သတ်မှတ်ချက်ဆိုင်ရာ ကိစ္စတွေကိုတော့ ဆက်လက်ဆွေးနွေးသွားရဦးမယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး RCSS ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။

ရှမ်းပြည်အခြေအစိုက် ရှမ်းလူငယ်အဖွဲ့ဥက္ကဋ္ဌဟောင်း တစ်ဦးကလည်း နှစ်ဖက် လက်နက်ကိုင်အဖွဲ့ရဲ့ အပစ်ရပ်စဲရေး ထုတ်ပြန်ချက်ကို တွေ့ရှိကြောင်းနဲ့ ဒီအပေါ်မှာ ကြိုဆိုလက်ခံတယ်လို့ RFA ကို ပြောပါတယ်။

(SSPP) နဲ့ (RCSS) တပ်ဖွဲ့အကြား ၂၀၁၈ ခုနှစ်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် သြဂုတ်လဆန်းပိုင်းမှာတော့ ခေါင်းဆောင်ပိုင်းတွေက နှစ်ဖက်အဖွဲ့တွေ အပစ်ရပ်ဖို့ နှုတ်မိန့်ပေးခဲ့ပြီး ဒီနေ့မှာတော့ တရားဝင်အပစ်ရပ်ကြောင်း ထုတ်ပြန်တာလို့ SSPP ဘက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

shanLay
2023-11-29 09:05

စစ်ဘေးရှောင်အာလုံးကိုကာကွယ်ပေကြပါရန်တိုက်တွန်းပန်ကြာအပ်ပါတယ်ခ..အပစ်မဲ့ပြည်သူစစ်ရှောင်ကိုဝိုင်းဝန်းကာကွယ်ပေကြပါရန်တိုကိတွန်နိုဆော်ပါတယ်ခ