ယာယီဝတ်ပြုဆောင်ပိတ်သိမ်းမှု ငြိမ်းချမ်းရေးလိုလားသူတွေကန့်ကွက်


2019.05.17
rose-white-campaign-622.jpg ယာယီဝတ်ပြုဆောင်ပိတ်သိမ်းခံတာကို ငြိမ်းချမ်းရေးလိုလားသူတွေက ကန့်ကွက်တဲ့အနေနဲ့ ၂ဝ၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ နှင်းဆီဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့စဉ်
Photo: Aung Thain Kha/RFA

ဒဂုံမြို့သစ်တောင်ပိုင်းမှာ မျိုးချစ်အဖွဲ့ဆိုတဲ့ လူတစ်စုက အစ္စလာမ်ဘာသာရေးယာယီဝတ်ပြုဆောင် သုံးခုပိတ်သိမ်းခံရတဲ့အထိ ဖိအားပေးလုပ်ဆောင်ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ရန်ကုန်မြို့ ရွှေတိဂုံစေတီတောင်ဘက်မုခ်အနီးက ဇဖရ်ရှားဒရဂါဝတ်ကျောင်းမှာ နှင်းဆီဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဘာသာရေးကိုခုတုံးလုပ်ကာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဖိအားပေးပြီးအကြမ်းဖက် ဆူပူလှှုံ့ဆော်မှုတွေကို ဖန်တီးကြတာတွေကို လက်မခံဆန့်ကျင်ကြောင်း ပြသတာဖြစ်တယ်လို့ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာက ဒါရိုက်တာ ကိုသက်ဆွေဝင်းက ပြောပါတယ်။

ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တွေ အများစုဟာ တောင်ဒဂုံဖြစ်စဉ်မှာ ပြုလုပ်ခဲ့တဲ့ သူတွေလိုရန်လိုနေတဲ့သူတွေ မဟုတ်တဲ့အကြောင်း အမုန်းတရားတွေ မရှိတဲ့အကြောင်း ပြသတဲ့အနေနဲ့ လှုပ်ရှားမှုကိုအခြားဗလီတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း ပါဝင်လို့ရကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက်ညတွေမှာ တောင်ဒဂုံမြို့နယ် ၁ဝ၆ ရပ်ကွက်၊ ၂၆ ရပ်ကွက်နဲ့ ၆၄ ရပ် ကွက်ကယာယီဝတ်ပြုဆောင်တွေကို အမျိုးသားရေးလှုပ်ရှားသူ နှစ်ရာလောက်က လာရောက်ပိတ်ခိုင်းတာဖြစ်ပါတယ်။

ဒီဝတ်ပြုဆောင်တွေကို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လအတွင်းဝတ်ပြုဖို့အတွက် ယာယီဝတ်ပြုဆောင်အဖြစ် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီကနေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဝတ်ပြုတာတွေလုပ်ခွင့်ပေးလိုက်ပြီလို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။