ရန်ကုန်မှာ အမတ်နေရာ ၈၀ ရာခိုင်နှုန်းအထိ အနိုင်ရဖို့ ပါတီတချို့မျှော်လင့်
2010.11.03
ဒီမျှော်လင့်ချက်နဲ့အတူ ရွေးကောက်ပွဲ ရောက်ရှိဖို့ ၄ ရက်အလိုမှာ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေအနေနဲ ရန်ကုန်မြို့တွင်း မဲဆွယ် စည်းရုံးတာတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ ညနေ ၅ နာရီလောက်မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) အနေနဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လိုက်လံ လှည့်လည် ဟောပြောတာတွေ ပြုလုပ်နေပါတယ်။ ဗဟန်းမြို့နယ် ရန်ရှင်းအိမ်ယာအတွင်း UDP အဖွဲ့ရောက်ရှိ စည်းရုံးနေတာနဲ့ ပတ်သြက်ပီး UDP ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းတင်အောင်က အနှောင့်အယှက် မရှိကြောင်း ပြောပြပါတယ်။
ရွေးကောက်ပွဲပြီး ဥပဒေပြုရေး လုပ်ငန်းတွေမှာ ပြည်သူတွေအတွက် အကျိုးရှိမဲ့အရာတွေကို ဆောင်ရွက် ပေးနိုင်ဖို့ မျှော်မှန်းထားကြောင်းနဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ မဟာမိတ်ပြု ညီညီညွတ်ညွတ် လုပ်ဆောင်နိုင်ဖို့ မျှော်မှန်းထားကြောင်း ဦးသိန်းတင်အောင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း NDF ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ပိုစတာတွေ ကပ်ထားတဲ့ ကားတွေမှာ အသံချဲ့စက်တွေ တင်ပြီး လှည့်လည် စည်းရုံးတာတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးရာဇဝင် ဝေငှတာတွေကို အတော်များများ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ Dr. သန်းဝင်းက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ သူတို့ပါတီက ၈၀ ရာခိုင်နှုန်းလောက် နိုင်မယ်လို့ မှန်းထားကြောင်း သူက ပြောပါတယ်။
NDF ပါတီအနေနဲ့ အများပြည်သူ စုဝေးဟောပြောတဲ့ မဲဆွယ်ပွဲမျိုးကိုတော့ ရန်ကင်းမြို့နယ်နဲ့၊ မြောက်ဒဂုံ မြိုနယ်တွေမှာ ပြုလုပ်နိုင်ခဲ့တယ်လို့လည်း ဒေါက်တာ သန်းဝင်းက ပြောပါတယ်။ NDF ပါတီအနေနဲ့ရန်ကုန် တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
တချိန်တည်းမှာလည်း ရန်ကုန်မှာ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ပြိုင်မဲ့ အမတ်လောင်း ၇ ဦးကလည်း ရန်ကုန် လှည်းတန်းလမ်းဆုံမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်တာတွေ ညနေတိုင်း ကျင်းပနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ တသီးပုဂ္ဂလ ကိုယ်စာလှယ်လောင်း ၇ ဦး စုပေါင်းပြီး ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မဲဆွယ်စည်းရုံး နေပါတယ်။
မနေ့ကစပြီး လာမဲ့ နိုဝင်ဘာလ ၆ ရက်နေ့အထိ လှည်းတန်းလမ်းဆုံမှာ လူထု ရှင်းလင်းပွဲ လုပ်သွားမယ်လို့ ကမာရွတ်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။
ဒီအထဲက တဦးဖြစ်တဲ့ ဒေါက်တာဖုန်းဝင်းကို RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |