ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားသူ လူငယ်တချို့ ထိန်းသိမ်းခံရ

လာမဲ့ရွေးကောက်ပွဲမှာ ဥပဒေအရ မဲမပေးပဲနေနိုင်ခွင့်ရှိတယ်ဆိုတဲ့ ပညာပေး လက်ကမ်းစာစောင်တွေကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ NLD လူငယ်တွေနဲ့ တခြား လူငယ်တွေ နိုဝင်ဘာ ၂ ရက် ဒီကနေ့ ဖြန့်ဝေခဲ့ကြပါတယ်။

2010.11.02

အဲဒီလှုပ်ရှားမှုတွေထဲမှာ ရွှေပြည်သာမြို့နယ်မှာ ဖြန့်ဝေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသိန်းအောင်ကို သက်ဆိုင်ရာက တနာရီလောက် ကြာအောင် ခေါ်ယူ စစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာတော့ (ဈ) ဈေးနဲ့ မေဓာဝီဈေး ရှေ့တွေမှာ ဖြန့်ဝေခဲ့ကြတာပါ။ ဒါနဲ့ ပတ်သက်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ NLD လူငယ် ကိုဝေဠုက RFA ကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ ဖြန့်ခဲ့တဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာက ကိုယ်ကြိုက်တဲ့ ပါတီ မပါခဲ့ဘူးဆိုရင် မဲမပေးပဲ နေလိုက်ပါဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကား ပါမယ်။ နောက်တခါ ဥပဒေအမှတ် ၃ / ၂၀၁၀ ၊ ၄ / ၂၀၁၀ ၊ ၅ / ၂၀၁၀ ပုဒ်မ ဎ အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ဆိုပြီးတော့ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင်၊ နေရာ ပြောင်းရွှေ့မှု၊ အခြား အထွေထွေ လာဘ်ထိုးခြင်း၊ xxxx xxxxx xxxx သူတပါး အယောင်ဆောင် မဲပေးခြင်း၊ မဲရုံတွင်းသို့ ဝင်ခွင့်မရှိပဲ ဝင်ရောက်ခြင်း စတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေကို အဓိက ဇောင်းပေးပြီး ဖော်ပြထားတယ်။ နိုင်ငံသားတယောက်အနေနဲ့ လွတ်လပ်စွာ မဲပေးခွင့် ရှိသလို တပြိုင်တည်း လွတ်လပ်စွာ မဲမပေးခွင့် ရှိတယ်ဆိုတာကို ကျွန်တော်တို့ ဖော်ပြထားတယ်။”

မြောက်ဥက္ကလာပမြို့နယ်မှာ စုစုပေါင်း စောင်ရေ ၅ ထောင်လောက် ဖြန့်ဝေခဲ့ပြီး၊ ရွှေပြည်သာမြို့နယ် မှာတော့ စောင်ရေ ၁ ထောင်လောက် ဖြန့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ဥက္ကလာပမြို့နယ် (ဈ) ဈေးရှေ့မှာ စာစောင်ဖြန့်ဝေသူ တချို့ကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပြီး၊ ဘယ်သူတွေ အဖမ်းခံလိုက်ရလဲ ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကိုဝေဠုက ပြောပါတယ်။

အခုလှုပ်ရှားမှုက ဥပဒေမှာ ရှိထားတာကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိအောင် ထပ်ဆင့် ဆောင်ရွက်တာဖြစ်လို့ အာဏာပိုင်တွေအနေနဲ့ အားပေးကူညီတဲ့ ပုံသဏ္ဍာန်ပဲ ဖြစ်သင့်ပြီး၊ ဒီနေ့ ဖြစ်ရပ်လို တားဆီး ပိတ်ပင်တာမျိုး မလုပ်သင့်ဘူးလို့ NLD လူငယ် ကိုဝေဠုက ပြောပါတယ်။

ဒီစာစောင်တွေကို ပြည်သူတွေက လက်ခံရယူကြသလို၊ တချို့ပြည်သူတွေက သူတို့လည်း ဆက်လက် ဖြန့်ဝေပေးမယ်ဆိုပြီး စာစောင် ပိုတောင်းသွားတာတွေ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။