ဘူးသီးတောင် စကခ (၁၅) က ဒုတပ်မမှူးနဲ့ တပ်ဖွဲ့ဝင်တွေ AA ထံ လက်နက်ချ
2024.05.06

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချတယ်လို့ မေလ ၆ ရက် ဒီနေ့မှာ ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ပါတယ်။
AA က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ၊ တပ်မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။ အရေအတွက် အတိအကျကိုတော့ AA က ထုတ်ပြောမထားပါဘူး။
စကခ (၁၅) ကို ၁၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေလ ၂ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့တာပါ။ အဲဒီတပ်မဌာနချုပ်ကို ကာလအတန်ကြာ ပိတ်ဆို့ဖြတ်တောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့အချိန်မှာ လုံးဝမလွတ်မြောက်နိုင်တော့တဲ့အတွက် စစ်ကောင်စီတပ်သားတွေက လက်နက်ချခဲ့တာလို AA က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဘူးသီးတောင်မြို့နယ်မှာ စကခ (၁၅) လက်အောက်ခံ စစ်ကောင်စီတပ်ရင်း ၁၂ ခုရှိပါတယ်။ လက်ရှိမှာတော့ စကခ (၁၅) အပါအဝင် တပ်ရင်းငါးရင်းကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်တဲ့ တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မေလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲအတွင်း မြို့နယ်ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။