မင်္ဂလာတောင်ညွန့်မြို့ NLD ပါတီဝင် ဦးလှထူး စစ်ကြောရေးမှာ သေဆုံး
2022.07.27

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးလှထူး စစ်ကြောရေးမှာ သေဆုံးသွားကြောင်း စစ်ကောင်စီဘက်က အသိပေးလာတယ်လို့ အမည်မဖော် လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က အသက် ၄၅ နှစ်အရွယ် ဦးလှထူးကို စစ်ကောင်စီတပ်သား အင်အား ၃၀ နီးပါးနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဇူလိုင် ၂၅ ရက်နေ့မှာတော့ သေဆုံးကြောင်း အကြောင်းကြားလာပေမယ့် အလောင်းပြန်မရဘူးလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းတုန်းကတော့ ပြည်သူ့ကာကွယ်ရေးကို ထောက်ပံ့နေတယ်လို့ သတင်းရထားလို့ စစ်ဆေးဖို့လိုလို့ ခဏလိုက်ခဲ့ပါဆိုပြီး ဖမ်းသွားတယ်။ ကျမတို့က လာဖမ်းတဲ့သူတွေကို အဝတ်အစားတွေ ထည့်ပေးလိုက်ရမလား ဘာလုပ်ရမလဲဆိုတော့ မလိုဘူး၊ လိုရင် လာတောင်းလိမ့်မယ်ဆိုပြီး ပြောပြီးခေါ်သွားတာ။ တစ်ရက်ပဲကြာတယ် နောက်ရက် ဆုံးပြီဆိုပြီး အကြောင်းကြားတယ်။ စစ်ကြောရေးမှာ လက်လွန်သွားလို့ လူကောင်းကြီး သန်သန်မာမာ လူက ဆုံးသွားရတာပေါ့။ ဘယ်မှာ သင်္ဂြိုဟ်တယ်၊ ဘယ်တုန်းက ဆုံးတယ်ဆိုတာ သူတို့ပြောသလောက်ပဲ သိရတာ"
ဦးလှထူးဟာ နှလုံးရောဂါကြောင့် သေဆုံးခဲ့တာလို့ စစ်ကောင်စီတပ်သားတွေက အကြောင်း ပြခဲ့သလို မိသားစုဝင်တွေကို မခေါ်ဘဲ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက သင်္ဂြိုဟ်လိုက်တဲ့ အကြောင်း ပြောလာတယ်လို့ ဆိုပါတယ်။
ဦးလှထူးဟာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ အခြား ပရဟိတလုပ်ငန်း တွေမှာ တက်တက်ကြွကြွ ပါဝင်သူတစ်ဦးဖြစ်ပြီး ဒလန်သတင်းပေးကြောင့် အခုလို အသက်သေ ဆုံးတဲ့အထိ နှိပ်စက် ခံခဲ့ရတာလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း လွှတ်တော်အမတ်သုံးဦးနဲ့ NLD ပါတီဝင် ၄၈ ဦး သေဆုံးပြီး ပါတီဝင် ၉၆၀ ကျော် အဖမ်းခံထားရတယ်လို့ ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း ကောက်ယူရေးအဖွဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။