စစ်သားတစ်ဦး ရေစကြို PDF တပ်ဖွဲ့နဲ့ ပူးပေါင်း

မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် (၂၅၈) တပ်ရင်းက စစ်သားတစ်ဦး ဇန်နဝါရီ ၃၀ ရက် မနေ့က အာဏာဖီဆန်ရေး CDM လုပ်ရင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လာရောက် ပူးပေါင်းခဲ့တယ်လို့ ရေစကြို PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
တပ်သား အာဘဲလက်ဆိုသူဟာ သေနတ်တစ်လက်၊ ကျည်ဆန်တွေနဲ့အတူ ရေစကြို PDF အဖွဲ့ဆီ လာရောက် ပူးပေါင်းခဲ့တာလို့ ရေစကြို PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ် ပြောတယ်ပေါ့ဗျာ။ စစ်ကောင်စီကိုလည်း အလိုမရှိဘူး။စစ်ကောင်စီခိုင်းတာလည်း သူမလုပ်ချင်ဘူး။ စစ်ကောင်စီက သူတာဝန်ထမ်းဆောင်နေတဲ့ လေးလ၊ ငါးလအတွင်း လစာမပေးဘူး အခုအချိန်အထိ "
အသက် ၃၁ အရွယ် ကယန်းတိုင်းရင်းသား တပ်သား အာဘဲလက်ဟာ စစ်တပ်ကနေ သင်တန်းဆင်းတာ မကြာသေးဘဲ သူတာဝန်ထမ်းဆောင် နေတာကလည်း ငါးလ ဝန်းကျင်လောက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။
တပ်သား အာဘဲလက်ဟာ MA-2 သေနတ်တစ်လက်၊ ကျည်ဗောက် (၅) ဗောက်၊ ကျည်ဆံ (၁၃၅) တောင့်နဲ့ အတူ ရေစကြို PDF တပ်ဖွဲ့ဆီ ဆက်သွယ်ဝင်ရောက် လာတယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ပြီး အတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။
ရေစကြို PDF တပ်ဖွဲ့ဘက်ကလည်း သူ့ကို လွတ်မြောက်နယ်မြေရောက်အောင် တာဝန်ယူပေးခဲ့ပြီး သူ့ မိသားစုကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။