NLD အစိုးရ လက်ထက် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ပြန်လွတ်လာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီး တာဝန် ယူခဲ့သူ အသက် ၈၄ နှစ်အရွယ် ဦးစိုးဝင်းဟာ အောက်တိုဘာလ ၂၈ ရက် မနေ့က ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဦးစိုးဝင်းနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
“ပြန်လွတ်လာတာ ဟုတ်ပါတယ်။ မနေ့က ပြန်လွတ်လာတာ။ သူတစ်ယောက်တည်း လွတ်လာတာပါ။ အန်ကယ်ကြီးက ကျန်းမာရေးလည်း ကောင်းပါတယ်”
ဘာကြောင့် လွတ်မြောက်လာသလဲဆိုတာကတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဦးစိုးဝင်းဟာ NLD အစိုးရ စီးပွားရေးကြံပေး မစ္စတာ ရှောင်တားနဲလ်ရဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာနဲ့စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နဲ့အတူ ပူးတွဲ စွဲဆို ခံထားရတာ ဖြစ်ပါတယ်။
တရားစွဲဆိုခံနေရချိန်အတွင်း အူနဲ့ဆိုင်တဲ့ ရောဂါတစ်ခုကြောင့် ကျန်းမာရေး မကောင်းတဲ့ အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ဆေးကုသမှု ခံခဲ့ရပါတယ်။
သူဟာ NLD ပါတီရဲ့ စီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကစလို့ NLD အစိုးရရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ၊ NLD ပါတီဝင် ဝန်ကြီးတွေလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး တချို့ကိုတော့ စစ်ကောင်စီက နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။