ကန့်သတ်ချုပ်ချယ် မှုတွေ ပြင်ဆင်ပေးဖို့ လူမှုအဖွဲ့အစည်းများ တောင်းဆို


2013.08.04
ffss_free_lab_305_z နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထား သည့် မြောက်ဒဂုံမြို့နယ် သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အခမဲ့ဓာတ်မှန်ခန်းဖွင့်လှစ်ပွဲကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်နေပုံ ဖြစ်ပါသည်။
Photo: RFA

လက်ရှိ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ တင်သွင်းထားတဲ့ “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်း” ဟာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ကို ကန့်သတ်ချုပ်ချယ်တဲ့အတွက် အဲဒီဥပဒေကို ပြင် ဆင်ပေးဖို့ ဒီနေ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ က ဆွေးနွေးတောင်းဆိုကြပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Myanmar Media Library မှာ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေက အဲဒီဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်လိုတဲ့အချက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့တာပါ။

သြဂုတ်လ ၂ ရက်နေ့က နေပြည်တော်မှာ သွားရောက်ဆွေးနွေးခဲ့ရာမှာ ပြင်ဆင်လိုတဲ့ အချက်တွေရှိရင် ဆွေးနွေးတင်ပြကြဖို့ သဘောတူခဲ့တာကြောင့်  အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး လွှတ်တော်ထံတင်ပြသွားမယ်လို့ ဒီနေ့သတင်းစာ ရှင်းလင်းပွဲမှာ ဘဝမြင့်မိုရ်လူမှုအဖွဲ့အစည်း ဒါရိုက်တာ  ကိုဟန်ဇာမောင်က ပြောပါတယ်။

လွှတ်တော်မှာဆွေးနွေးဖို့ လက်ခံထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းမှာ အသင်းအဖွဲ့  ဖွဲ့စည်းခွင့်လက်မှတ်မရှိဘဲ အသင်းအဖွဲ့လုပ်ငန်းတွေဆောင်ရွက်ရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေကျခံရမယ်လို့ ပြဌာန်းထားတာကို ပြင်ဆင်လိုကြောင်းနဲ့ မြို့နယ်အသီးသီးက လူမှုရေးအဖွဲ့အစည်းငယ်လေးတွေ မှတ်ပုံမတင်ဘဲ ရပ်တည်ခွင့်ရှိဖို့ ပြင်ဆင်လိုကြောင်း စတဲ့အချက်တွေကို သြဂုတ်လ ၂ ရက်နေ့က နေပြည်တော်မှာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကဖွဲ့စည်းထားတဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက ဇွန်လ ၂၆ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။