နိုင်ငံသားစစ်ဆေးရေးအဖွဲ့ ရခိုင်မှာ ဖွဲ့စည်း
2016.06.18

ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်နိုင်ဖို့အတွက် ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရ က ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ ပြည်နယ်အဆင့်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဥက္ကဌအဖြစ် တာဝန်ယူ ထားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
မြို့နယ်အဆင့် အဖွဲ့မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မွတ်စလင်တွေကို နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် ဆိုတာကို ဗဟိုအဖွဲ့ရဲ့ အဆုံးအဖြတ်ရယူဖို့ လိုအပ်သူတွေကို စိစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ အစိုးရက အစိမ်းနုရောင် NVC ကဒ်တွေကို ထုတ်ပေးနေပြီး NVC ကဒ် ရရှိသူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေနဲ့ ဆက်လက် စိစစ်မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီ ဥက္ကဌ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး မသိရှိကြောင်းနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။