စေတနာ့ဝန်ထမ်းတွေ လူမသိသူမသိသေဆုံးနေရကြောင်း ကမ္ဘာ့ကြက်ခြေနီအသင်း အကြီးအကဲပြော

RFA Burmese
2024.10.28
စေတနာ့ဝန်ထမ်းတွေ လူမသိသူမသိသေဆုံးနေရကြောင်း ကမ္ဘာ့ကြက်ခြေနီအသင်း အကြီးအကဲပြော မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လမိုင်းလူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဥ်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: Facebook/ ဂကောံသၟတ် ပရဟိတ ဍုၚ်လၟိုၚ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အဆိုးဝါးဆုံးပဋိပက္ခဒေသတွေမှာ ကူညီပံ့ပိုးနေတဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ ကျောရိုးဖြစ်တဲ့ ဒေသတွင်းဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ တိတ်တဆိတ်သေဆုံးနေရတယ်လို့ ကမ္ဘာ့ကြက်ခြေနီအသင်း အကြီးအကဲက အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီလိုသတ်ဖြတ်ခံနေရတာတွေကို အနည်းအကျဉ်းပဲ သတိထားမိတယ်လို့ AFP နဲ့ မေးမြန်းခန်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ အတွင်းရေးမှူးချုပ် Jagan Chapagain က ပြောကြားတာပါ။

ဒီနှစ်ဟာ လူသားချင်းစာနာရေးလုပ်ငန်းမှာ လူအများဆုံးသေဆုံးရတဲ့ နှစ်တစ်နှစ်ဖြစ်တဲ့အတွက် အထူးသဖြင့် ဒီကိစ္စကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာနဲ့ တခြားနိုင်ငံတွေမှာ ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ အကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးရတဲ့ ဦးရေကလည်း များလာတယ်လို့ ပြောပါတယ်။

လူသားချင်းစာနာရေးဆောင်ရွက်ရင်း သေဆုံးရသူတွေရဲ့ ၉၅ ရာခိုင်နှုန်းနီးပါးဟာ ဒေသတွင်းဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

လူသားချင်းစာနာရေးဆိုင်ရာအဖွဲ့အစည်းကြီးမှာ လုပ်ကိုင်တဲ့ နိုင်ငံတကာဝန်ထမ်းတစ်ယောက် သတ်ဖြတ်ခံရရင် တစ်ကမ္ဘာလုံး အမျက်ဒေါသထွက်ကြပေမဲ့ ဒေသတွင်းက အကူအညီပေးရေးဝန်ထမ်းတစ်ယောက် ဒီကံကြမ္မာမျိုးကြုံရရင် တစ်ခါတစ်ရံ အလေးထားလေ့မရှိဘူးလို့ ဝေဖန်ပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ ကမ္ဘာတစ်ဝန်းမှာ စေတနာ့ဝန်ထမ်းကူညီသူ အယောက် ၃ဝ အသတ်ခံရပြီး ကုလသမဂ္ဂနဲ့ သက်ဆိုင်သူ ရာနဲ့ချီ အသက်ဆုံးရှုံးရတယ်လို့ Jagan Chapagain က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။