SNLD ခေါင်းဆောင် နုတ်ထွက်စာတင်
2018.06.21

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ တာဝန်ကနေ အနားယူခွင့်ပြုဖို့ ပါတီကို စာတင်ထားပါတယ်။
ခွန်ထွန်းဦးရဲ့ နုတ်ထွက်မူကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ပြီးမှသာ အတည်ပြုနိုင်မယ်လို့ SNLD ပါတီရဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
"ဘာမှအတည်မပြုနိုင်သေးပါဘူး၊ အဲဒါပဲပြောနေပါတယ်၊ အခုလောလောဆယ် ဘာမှမပြောလို့မရသေးလို့ပါ၊ ကျနော် အစည်းအဝေးထဲရောက်နေတယ်"
ဥက္ကဋ္ဌ ခွန်ထွန်းဦးဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ၁၉၈၈ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို စတင်ထူထောင်သူတွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
စစ်အစိုးရက ဦးဆောင်ကျင်းပပေးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်အစိုးရက အာဏာလွှဲမပေးတဲ့ကာလမှာ NLD ပါတီ၊ SNLD ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်တဲ့ CRPP လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်တာခံခဲ့ရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်မှာ ၆ နှစ်ကြာနေခဲ့ရသူဖြစ်ပါတယ်။
ဦးခွန်ထွန်းဦးဟာ လက်ရှိအသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး SNLD ပါတီမှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပါတယ်။