ပါဝင်သင့်သူ အားလုံးပါမှ ညီလာခံ အောင်မြင်မည်ဟု ခွန်ထွန်းဦး ပြော


2016.06.06
ssjac-620.jpg ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC ဖွဲ့စည်းမှု အနှစ် ၂၀ ပြည့် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က လားရှိုးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ကျင်းပစဉ်
Photo: Kan Thar/RFA

၂၁ ပင်လုံညီလာခံမှာ တိုင်းရင်းသားအားလုံး အဆင့်အတန်း မခွဲခြားဘဲ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။

ဒီနေ့ လားရှိုးမြို့ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ကျင်းပတဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ဖွဲ့စည်းမှု အနှစ် ၂၀ ပြည့် အခမ်းအနားမှာ ဦးခွန်ထွန်းဦးက ပြောခဲ့တာဖြစ်ပါတယ်။

"၂၁ ပင်လုံ ညီလာခံ ခေါ်မလား အစည်းအဝေးပွဲကြီးလို့ ခေါ်မလား အဲ့ဒါကို ပါဝင်သင့် ပါဝင်ထိုက်တဲ့လူတွေ အကုန်ပါသင့်တယ်၊ နောက်ပြီးတော့ လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံး နောက်ပြည်ထောင်စု မပြိုကွဲရေး နောက်ပြီးတေ့ာ တိုင်းရင်းသားအချင်းချင်း အဆင့်အတန်းမခွဲခြားခြင်းဆိုတဲ့ နိုင်ငံရေးစိတ်ဓါတ်နဲ့ ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်မှသာလျှင် ဒီကိစ္စကအောင်မြင်မှာပါ"

၁၉၉၆ ခုနှစ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းလက်နက်ကိုင် ၂ဖွဲ့တို့ ပူးပေါင်းပြီး SSJAC အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို စတင်တည်ထောင်စဉ်က ဒုတိယသမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း လည်း ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ  နိုင်ငံရေးဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ပူးပေါင်းဆွေးနွေးနိုင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ဒေသခံတွေက လက်ရှိရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေ၊ ပြည်သူ့စစ် အဖွဲ့တွေက အစိုးရတပ်မတော်နဲ့ပူးပေါင်းတိုက်ခိုက်နေတာတွေ၊ RCSS/SSA နဲ့ TNLA အကြားပြဿနာနဲ့ ကချင်ပြည်နယ်က ရှမ်းလူထုတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ SNLD ခေါင်းဆောင်တွေ၊ SSPP/SSA နဲ့ဆင်ကြော့ဌာနေ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေ၊ SNLD ပါတီဝင်တွေ နဲ့ ဒေသခံတွေ ၄၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွန့်လွင် ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။