ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ ဦးခွန်ထွန်းဦး ကွယ်လွန်

2022.04.30
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ ဦးခွန်ထွန်းဦး ကွယ်လွန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တည်ထောင်သူ ဦးခွန်ထွန်းဦး။
Photo: RFA

ရှမ်းလူမျိုးတွေရဲ့ အကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းတိုင်းရင်းသားမျာ းဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်ခဲ့သူ ဦးခွန်ထွန်းဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးဟာ ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ သူရဲ့နေအိမ်မှာ ကွယ်လွန်သွားတာလို့ ပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

"မနက်ပိုင်းကတည်းက အနားယူမယ်ဆိုပြီး ဝင်သွားတယ်ဗျာ။ ဘယ်သူမှလည်း သတိမထားမိဘူး။ နေ့လယ်ပိုင်းကျ ဆုံးနေတာတွေ့တော့ အချိန်က အတိအကျ မပြောနိုင်ဘူးဖြစ်နေတယ်။ လူကြီးဆိုတော့ ရောဂါတွေကတော့ လူကြီးရောဂါပါပဲ"

ဦးခွန်ထွန်းဦးဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးကို ကြိုးပမ်းခဲ့တာဖြစ်ပြီး သူဖြစ်ချင်တဲ့၊ တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရအောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

“ဥက္ကဋ္ဌကြီးဆုံးရှုံးမှုဟာ ကျွန်တော်တို့ ပါတီဝင်တစ်ဦးအတွက်ပင် မကပါဘူး။ ရှမ်းအမျိုးသား တစ်ရပ်လုံးအတွက်ပါ၊ နောက်… ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားတဲ့ ရဲဘော်ရဲဘက်အားလုံး အတွက်ပါ ဆုံးရှုံးမှုတစ်ရပ်လို့ ဒီလိုပဲ မှတ်ချက်ပြု ပြောကြားချင်ပါတယ်ဗျ။”

လက်ရှိမှာ ဦးခွန်ထွန်းဦး သေဆုံးချိန်ကို ဆရာဝန်တွေနဲ့ စစ်ဆေးနေပြီး ဈာပနအခမ်းအနား ကျင်းပဖို့အတွက် စီစဉ်နေဆဲ ဖြစ်ပါတယ်။

သူဟာ အစိုးရအဆက်ဆက်မှာ ပင်လုံကတိကဝတ်တွေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သူဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာ လမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဦးခွန်ထွန်းဦးဟာ ပါတီဥက္ကဋ္ဌအဖြစ် ၂၀၂၀ ခု နှစ်ကုန်ပိုင်းအထိ တာဝန်ယူခဲ့ပါတယ်။

000_Hkg10207470.jpg
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ SNLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်က ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုတွေကိုတွေ့ရစဉ်။Photo-AFP

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးခွန်ထွန်းဦးဟာ ဇာတိမြို့ဖြစ်တဲ့ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ခဲ့ပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ SNLD ပါတီက ရွေးကောက်ပွဲ ဝင်ခဲ့ပေမယ့် ပါတီခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။

ဦးခွန်ထွန်းဦးကို ၂၀၀၅ ခုနှစ်မှာ ရှမ်းပြည်နယ်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းလို့ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်အစိုးရက ထောင်ဒဏ် ၉၃ နှစ်ချမှတ်ခဲ့ပြီး၊ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ  လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။