ပုသိမ်ကြီးက ရွာရှစ်ရွာနီးပါး လျှပ်စစ်လိုင်းဧရိယာမှာ ပါနေလို့ဆိုပြီး ဖယ်ခိုင်း
2024.04.01

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ရွာရှစ်ရွာနီးပါးက နေအိမ်တွေကို လျှပ်စစ်ဓာတ်အားလိုင်းဧရိယာမှာ ပါနေတာကြောင့်ဆိုပြီး စစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထားဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေအတွင်းမှာ နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဓာတ်အားလိုင်းအလယ်ဗဟိုရဲ့ ဘယ်၊ ညာ ၇၅ ပေအတွင်းမှာရှိနေတဲ့ နေအိမ်တွေကိုဖျက်ခိုင်းတာလို့ ဆိုပါတယ်။
ကန်ကောက်၊ နန်းဦးလွင်၊ မဲကင်းကုန်း၊ သဲကုန်း၊ နွယ်နီ အပါအဝင် ရွာရှစ်ရွာခန့်ဟာ လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာတွေထဲမှာ ပါဝင်နေပြီး လက်ရှိအချိန်အထိ ဖျက်ခိုင်းထားတဲ့ အိမ်အရေအတွက် တိတိကျကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မတ်လ ၃၀ ရက်နေ့ကစပြီး လျှပ်စစ်ရုံးဝန်ထမ်း၊ အုပ်ချုပ်ရေးပိုင်းနဲ့ စစ်ကောင်စီတပ်သားတွေ လျှပ်စစ်မီတာတွေ လာရောက်ဖြုတ်သိမ်းခဲ့သလို နေအိမ်တွေဖျက်ဖို့ပါ အကြောင်းကြားစာပို့ခဲ့တာလို့ ကန်ကောက်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"မီတာအလုံးရော တစ်ခါတည်းဖြုတ်သွားတယ်။ စာရွက်တွေရော ဝေတယ်ပေါ့နော်။ သတ်မှတ်ရက်မတိုင်ခင် ဖျက်သိမ်းရမယ်ဆိုတဲ့ စာပေါ့။ ဒီတိုင်းဆို အိမ်ခြေက နည်းတာမဟုတ်ဘူး။ ကျွန်မတို့ဘက်မှာ ဓာတ်အားလိုင်းက သုံးလိုင်းရှိတာ"
ကန်ကောက်ရွာမှာတော့ နေအိမ်သုံးရာကျော် အကြောင်းကြားစာရရှိထားပြီး လက်ရှိတော့ အသနားခံစာတင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိဖျက်ရမယ့်နေရာတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက နေထိုင်လာခဲ့ကြတာဖြစ်ပြီး အခိုင်အမာ ဆောက်ထားတဲ့ တိုက်အိမ်တွေလည်းများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အကြောင်းကြားစာထဲမှာတော့ လျှပ်စစ်ဓာတ်အားလိုင်းပေါ်မှာ ခွင့်ပြုချက်မရဘဲ အဆောက်အအုံ ဆောက်လုပ်ထားတာကြောင့် သတ်မှတ်ရက်အတွင်း ဖျက်ပေးဖို့နဲ့ မဖျက်ပေးရင် အရေးယူမယ်လို့ ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ မီးရထားဌာနပိုင်မြေ၊ လျှပ်စစ်တာဝါတိုင် နယ်နိမိတ်၊ ဆည်မြောင်းမြေ နယ်နိမိတ်နဲ့ လမ်းနယ်နိမိတ်ကို ကျူးကျော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်ဖျက်ဆီးဖယ်ရှားခံရမှု မကြာခဏဖြစ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။