မန္တလေးက နေအိမ် ၁၂၀၀ ကျော် ကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရ

2022.11.25
မန္တလေးက နေအိမ် ၁၂၀၀ ကျော် ကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှ ဖယ်ရှားခံရသည့် နေအိမ်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်၊ ချမ်းမြသာစည် အောင်ပင်လယ် ရပ်ကွက်တွေက နေအိမ် ၁၂၀၀ ကျော်ကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာလ ၂၄ ရက် မနေ့ကတစ်ရက်တည်းမှာပဲ အင်အားသုံးဖယ်ရှားခံရပြီး ဒီနေ့မှာလည်း စက်ယန္တရားတွေနဲ့ ထပ်မံဖယ်ရှားနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ထဲမှာတော့ စစ်တပ်နဲ့ ရဲ လုံခြုံရေးအပြည့်ယူပြီး စက်ယန္တရားတွေသုံး ဖယ်ရှားခံရတာလို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကတော့ ဘက်ဟိုးတွေနဲ့ အိမ်တွေအကုန် ခုတ်ချပြီးလုပ်တာ။ လူအင်အားလည်း သုံးတယ်၊ စက်ယန္တရားတွေလည်း ပါတယ်။ မနေ့က တစ်ရက်တည်းတင် ၁၂၀၀ လောက်ဖျက်နေတာ။ တချို့ကလည်း မမီလိုက်ဘူးပေါ့၊ ဖျက်ချိန်မရတော့ စက်တွေနဲ့ ထိုးချသွားတာခံရတာ။ ဒီနေ့လည်း အဲဒီရှေ့ကဖြတ်တော့ ဖျက်နေတုန်းပဲ။ နောက်ရက်တွေထည်း ထပ်ဖျက်မယ်ကြားတယ်”

နေအိမ်ဖျက်ဆီးခံလိုက်သူတွေဟာ လမ်းပေါ်မှာပဲ ဖြစ်သလိုနေနေရပြီး ချက်ပြုတ် စားသောက်ဖို့ ခက်ခဲနေလို့ ရပ်ကွက်အလှူရှင်တွေက ထမင်းထုပ်တွေေ ဝေငှတာ လုပ်နေရတယ်လို့ သူက ဆိုပါတယ်။

ဖယ်ရှားခံရတဲ့နေအိမ်တွေထဲမှာ မီးရထားဌာနပိုင်မြေကို ကျူးကျော်တာ၊ လျှပ်စစ် တာဝါတာတိုင် နယ်နိမိတ်ကို ကျူးကျော်တာနဲ့ ဆည်မြောင်းမြေ နယ်နိမိတ်ကို ကျူးကျော်တာ စတဲ့အကြောင်းပြချက်တွေနဲ့ ဖျက်ဆီးဖယ်ရှားခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖျက်ဆီးခံရတဲ့ နေအိမ်တွေထဲမှာ အခိုင်အမာဆောက်ထားတဲ့ တိုက်အိမ်တွေကစလို့ ထရံကာတဲအိမ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် နေ့လယ်ပိုင်းအထိ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်ထဲ မှာ ဆောက်လုပ်ထားတဲ့ နေအိမ် ၂၅၃ လုံးကျော်ကို မီးရထားဌာနပိုင်မြေထဲ ကျူးကျော် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းမှာလည်း မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက ရပ်ကွက် ငါးခုကို တပ်ပိုင်မြေမှာ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ဖြန် နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားပေးဖို့ စစ်ကောင်စီ ဒေသအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။