ရက္ခိုင့်တပ်တော် (AA) တပ်စခန်း ဗုံးကြဲခံရမှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး

2022.07.05
ရက္ခိုင့်တပ်တော် (AA) တပ်စခန်း ဗုံးကြဲခံရမှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံး ရက္ခိုင့်တပ်တော် (AA) တပ်စခန်း ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် တပ်ဖွဲ့ဝင် ခြောက်ဦးကို တွေ့ရစဉ်
Photo: AA Info Desk

ကရင်ပြည်နယ် KNLA တပ်မဟာ (၅) ဧရိယာထဲက မြန်မာ-ထိုင်းနယ်စပ်အနီးမှာ အခြေပြု ထားတဲ့ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းတစ်ခုကို ဇူလိုင်လ ၄ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အေအေ တပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးသွားကြောင်း ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၅ ရက်နေ့မနက်က ထုတ်ပြန်ပါတယ်။

ကျဆုံးသွားသူတွေဟာ တပ်သားအဆင့်တွေဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကျော်ဦးလှိုင်၊ အသက် ၂၆ နှစ်အရွယ် ကျော်ဆန်းဌေး၊ အသက် ၂၄ နှစ်အရွယ် ထွန်းထွန်းလင်း၊ အသက် ၂၀ အရွယ် ဘိုသန်းကျော်၊ အသက် ၂၉ နှစ် အရွယ် နေဇော်ဦး၊ အသက် ၂၀ အရွယ် ဇာနည်ဝင်း တို့ဖြစ်ပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း၊ အထည်ချုပ်စက်ရုံနဲ့ တခြား အဆောက်အအုံတွေ လည်း ပျက်စီးသွားခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ် နှစ်စင်းဟာ အေအေစခန်းကို ရုတ်တရက် ဗုံးကြဲ တိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းကို ဝင်ရောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က တပ်စခန်း တိုက်ခိုက်ခံရတဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ လာရောက်တိုက်ခိုက်တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအပေါ်မှာ လက်တုံ့ပြန်သွားမယ်လို့ ဒေသတွင်း သတင်းဌာနတွေကို ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) စခန်းတစ်ခု အခုလို ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ အေအေတို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က ပြောပါတယ်။

"အခုခေတ်မှာကတော့ ဒီစခန်းဟာ ဘယ်သူ့ရဲ့ စခန်း၊ ဘယ်သူတွေနေတယ်ဆိုတာ ကိုတော့ အကုန်လုံးသိကြပါတယ်။ ဒါက သီးသန့်လာတိုက်တယ်ဆိုတဲ့သဘောပေါ့။ သူတို့အနေနဲ့ ကရင်ပြည်နယ်ရဲ့ အခြေအနေအရပေါ့ ဒီစခန်းတွေကို တိုက်ရမယ်။ ရန်သူက ရန်သူဆိုပြီး ဆက်ဆံတယ်လို့မြင်တယ်။ ဒါကြောင့် ဒီဘက်မှာလည်း နားလည်မှုနဲ့ ရပ်စဲနေတဲ့တိုက်ပွဲလည်း ပြန်ပြီး ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တယ်လို့ပဲ မြင်တယ်"

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်စဲနေတာ တစ်နှစ်ကျော် ရှိပါပြီ။

အခုလက်ရှိတော့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ၊ အပြန်အလှန် ဖမ်းဆီးမှုတွေရှိနေတဲ့အချိန်မှာပဲ ကရင်ပြည်နယ်အတွင်းမှာ အခြေပြုထားတဲ့ ရက္ခိုင့်တပ်တော် (AA) စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။

ရက္ခိုင့်တပ်တော် (AA) စခန်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားကြတဲ့ အေအေတပ်ဖွဲ့ဝင် တွေအတွက် ဝမ်းနည်းကြောင်း ရခိုင်ဒေသခံတွေက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပြောဆိုရေးသားနေကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဗိုလ်သင်တန်းကျောင်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရက္ခိုင့်တပ်တော် (AA) က ဗိုလ်လောင်း ရှစ်ဦးအပါအဝင် TNLA၊ CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဗိုလ်လောင်း စုစုပေါင်း ၂၃ ဦး သေဆုံးသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။