စစ်တွေ ဆန်ပြဿနာ နှစ်ပတ်လည် ကုသိုလ်ပြုပွဲ
2011.08.13
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွမ်းလောင်းလှူခဲ့တဲ့ NLD ရခိုင်ပြည်နယ် အမျိုးသမီး လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် ဒေါ်ညိုအေးက RFA ကို အခုလို ပြောပါတယ်။
“၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဆန်ပြဿနာနေ့ပေါ့နော်။ စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ လူတွေ တပြုံတမကြီး သေတဲ့နေ့ပေါ့။ အဲဒီနေ့ အထိမ်းအမှတ် အနေနဲ့ ကျမတို့ သစ်သီးဆွမ်းလောင်းဖြစ်တယ်။ အဲဒီ သေဆုံးတဲ့နေရာမှာ”
အဲဒီ ဆန်ပြဿနာနဲ့ပတ်သက်လို့ ဦးနေဝင်းအစိုးရက သေဆုံးသူ ၂ဝ ကျော်လို့ ကြေညာခဲ့ပေမယ့် အမှန်တကယ် သေဆုံးသူ ရာကျော်တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။ ဒီ့အတွက် စစ်တွေမြို့ခံတွေဟာ သေဆုံးသူတွေကို နှစ်စဉ် အောင့်မေ့တ,သ ကြပြီး အမှတ်တရ ရှိကြတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ ၁၉၉ဝ ခုနှစ်က စစ်တွေထောင်မှာ နိုင်ငံရေးအကျဉ်းသား ဘဝနဲ့ ကွယ်လွန်သွားတဲ့ ရခိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ သမိုင်းပညာရှင် ဦးဦးသာထွန်း နှစ်ပတ်လည် အခမ်းအနားကို ဒီကနေ့မနက်က ရန်ကုန်မြို့ ဓညဝတီကျောင်းတိုက်မှာ ကျင်းပခဲ့ကြတယ်လို့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။
“ထောင်တွင်းမှာ ကွယ်လွန်သွားတဲ့ ရခိုင်ပညာရှိ ဦးဦးသာထွန်းရဲ့ ၂၁ နှစ်မြောက် အခမ်းအနားကို လုပ်တယ်။ ဦးဦးသာထွန်းသည် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မှာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၁၉၉ဝ ခုနှစ်က အဖမ်းခံရတယ်။ ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ ထောင်ကျတယ်”
ဦးဦးသာထွန်းဟာ ၁၉၉ဝ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ အမတ်လောင်းတဦး ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာပါ။ ထောင်ထဲမှာ ၅ လလောက် ကြာပြီးတဲ့နောက် နှိပ်စက်ခံရတဲ့ဒဏ်၊ ထောင်တွင်း စားသောက်နေထိုင်မှုနဲ့ ဆေးဝါး မလုံလောက်တဲ့ ဒဏ်တွေကြောင့် ကွယ်လွန်သွားတာလို့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ဦးဦးသာထွန်း နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တွေ၊ မွန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ရခိုင် သဟာယအသင်း၊ ရခိုင်အမျိုးသမီးများ အသင်းဝင်တွေ စုစုပေါင်း ၂ ရာလောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ပွဲမှာ သံဃာတော်အပါး ၄ဝ နဲ့ သီလရှင်အပါး ၂ဝ ကို နေ့ဆွမ်း ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။