စစ်တွေမြို့မှာ ညပိုင်းအပြင်မထွက်ဖို့ စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကြေညာ

RFA Burmese
2024.02.01
စစ်တွေမြို့မှာ ညပိုင်းအပြင်မထွက်ဖို့ စစ်ကောင်စီ ဒေသအာဏာပိုင်တွေ ကြေညာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရဲတပ်ဖွဲ့ဝင်တွေတချို့အား တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီရုံး အခြေစိုက်တဲ့ စစ်တွေမြို့မှာ ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို မနေ့ကစလို့ ထုတ်ပြန်လိုက်တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီညမထွက်ရအမိန့်ကို စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေက မနေ့ညနေက စစ်တွေမြို့ကို လှည့်လည်ပြီး လော်စပီကာတွေနဲ့ ကြေညာခဲ့တယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီညမထွက်ရအမိန့်ကို မြို့ထဲမှာလည်း လှည့်ပြီးကြေညာတယ်။ ညနေပိုင်းမှာ လိုက်ပြီးကြေညာတာ။ အဓိကတော့ စစ်တွေမြို့နယ် နယ်နိမိတ်အတွင်းက လမ်းတွေနဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မသွားလာကြဖို့ ထုတ်ပြန်တာ”

ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံး၊ ထိခိုက်တာတွေနဲ့ နိုင်ငံတော်ပိုင် အဆောက်အအုံနဲ့ ယာဉ်တွေ ပျက်စီးဆုံးရှုံးခဲ့ရသလို ရပ်ကွက်ကျေးရွာတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု အချို့ကြောင့် အရပ်သားတွေ သေဆုံးထိခိုက်တာတွေရှိခဲ့တဲ့အတွက် အခုလို ညမထွက်ရ အမိန့်ထုတ်ပြန်ရတာလို့ ကြေညာချက်မှာ ပါရှိကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေကနေ အခြားမြို့နယ်တွေဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို ကြားနေရဆဲဖြစ်ပြီး မြို့ပေါ်အထိ တိုက်ပွဲတွေ ကူးစက်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေ အများအပြားဟာ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေဆဲပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ မနေ့ည ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ တစ်ရက်ပြီးတစ်ရက် အရှိန်မြင့်လာနေပြီး နေရာသစ်တွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာနေတယ်လို့ ဖော်ပြထားပါတယ်။

မနေ့က မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ် မလကျွန်းမှာပါ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဓညဝတီရေတပ်ဌာနချုပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ဂုံးချွိန်တိုက်နယ်၊ အူချေကျေးရွာထဲကို ကျရောက်ခဲ့တဲ့အတွက် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ဒေသက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။