မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ တရုတ်ဘက်ကပစ္စည်းသယ်ဖို့ တန်းစီတဲ့နေရာကို ငွေပေးဝယ်နေရ

RFA Burmese
2023.10.22
မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ တရုတ်ဘက်ကပစ္စည်းသယ်ဖို့ တန်းစီတဲ့နေရာကို ငွေပေးဝယ်နေရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် ဆိုင်ကယ်တန်းစီနေကြသူများအား တွေ့ရစဉ်။
Citizen Journalist

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ဆင်ဖြူဂိတ်မှာ တရုတ်ဘက်ကနေ လူသုံးကုန်ပစ္စည်းသယ်ဖို့ မော်တော်ဆိုင်ကယ်နဲ့ တန်းစီစောင့်ရတဲ့အခါ နေရာရောင်းစားသူတွေကြောင့် တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းလုပ်သူတွေ အခက်အခဲဖြစ်ပြီး နစ်နာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်အခြမ်း ရွှေလီနဲ့ ကျယ်ဂေါင်မြို့က လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်ကနေတစ်ဆင့် မူဆယ်ဘက်အခြမ်းကို ဆိုင်ကယ်နဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်သူတွေ သယ်ယူနေကြရတာပါ။

ဆိုင်ကယ်တစ်စီးနေရာဟာ အရှေ့အနောက်ရောက်နေတဲ့ ဈေးတွေအပေါ်မူတည်ပြီး အနည်းဆုံးနေရာတစ်ခုကို တစ်သောင်းကနေ ကျပ်လေးသောင်းလောက် ပေးနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။

"တရုတ်ဘက်က ကားအဝင်အထွက်မပေးတော့ မူဆယ်နယ်ခံတွေက ပစ္စည်းတွေကို ဆိုင်ကယ်နဲ့ သယ်ကြတယ်။ အခုက နေရာရောင်းစားတာ တစ်နေရာကို တစ်သောင်းခွဲ ကနေ အခုရက်ပိုင်းမှာ လေးသောင်းလောက် ဖြစ်သွားတယ်။ အဲဒါမျိုးကျတော့ တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေအတွက်က အဆင်ပြေဘူးလေ"

နေရာမဝယ်ရင်လည်း နှစ်ရက်ကိုတစ်ကြိမ်ပဲ မူဆယ်ဆင်ဖြူဂိတ်ကနေ တရုတ်ဘက်က ပစ္စည်းသယ်လို့ရပြီး ညအိပ် ဆိုင်ကယ်နဲ့တန်းစီရတယ်လို့ ဆိုပါတယ်။

တန်းစီတဲ့နေရာဝယ်မှ မူဆယ်နဲ့တရုတ်ဘက် နေ့ချင်းပြန် ပစ္စည်းသယ်လို့ရတဲ့ အခြေအနေဖြစ်နေတာကြောင့် တချို့ တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေကတော့ နေရာဝယ်ပြီး ကုန်ပစ္စည်းသယ်နေရတာပါ။

ဒါကြောင့် ဒီလိုနေရာဦးပြီး ရောင်းစားသူတွေကို အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ မူဆယ်မြို့ခံတွေနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အရင်က ကားနဲ့ပစ္စည်းသယ်ခွင့်ပေးခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်ထဲမှာပဲ တရုတ်နိုင်ငံဘက်က ကားဝင်ခွင့်မပေးတော့ဘဲ ပိတ်လိုက်တာကြောင့် မော်တော်ဆိုင်ကယ်နဲ့ပဲ ပစ္စည်းတွေ သယ်နေကြရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။