စဉ့်ကူးမှာ ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ် အရာရှိတချို့ ဖမ်းဆီးခံရ
2024.07.21

မန္တလေးတိုင်း စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီး အဆင့်အပါအဝင် စစ်ကောင်စီတပ် အရာရှိတချို့ကို ဖမ်းဆီးရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာ အမှတ်-၁၂၂၂ တပ်ရင်းက ဇူလိုင်လ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူတွေက ခမရ-၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်ဇင်၊ ခမရ-၇၀၈ က ဗိုလ်ကြီး ထက်ကျော်၊ ဗိုလ်ကြီး ဌေးလင်းကျော်၊ ဗိုလ်ကြီး ထွန်းနိုင်၊ ခလရ-၉၃ က ဗိုလ်ကြီး အေးကို၊ လက်ပန်လှ နယ်မြေရဲစခန်းက ဒုရဲမှူး ကျော်မြင့်ဦးနဲ့ စဉ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရွှေသိမ်းမောင်တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြပါတယ်။
သူတို့ အပါအဝင် အခြားအဆင့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) ထံ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် အရာရှိတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
စဉ့်ကူးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနဲ့ စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်တစ်ခုဖြစ်လာပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။