စဉ့်ကူးမြို့ ဒိုးနွယ်ရွာ စီးနင်းခံရပြီး ဒေသခံ ၂၅ ဦး အဖမ်းခံထားရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဒိုးနွယ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ အောက်တိုဘာ ၃၁ ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကောင်စီတပ်က ဒိုးနွယ်ရွာကို ဝင်ရောက်စီးနင်းထားပြီး အရပ်သား ၂၅ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒိုးနွယ်ရွာအနီး မနေ့က တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် နှစ်စီးပေါ်ကနေ စက်သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်တဲ့အပြင် ဂျက်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲခဲ့တာလို့ စဉ့်ကူးမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့တွေက ပြောပါတယ်။
ဒီနေ့မှာတော့ ဒိုးနွယ်ရွာကို စစ်သားအင်အားတွေ ထပ်ရောက်လာပြီး ရွာကိုလာလို့ရသမျှ လမ်းကြောင်းတွေ အားလုံး ပိတ်ဆို့ဖြတ်တောက်ထားသလို ရွာထဲမှာလည်း ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာထဲမှာရော ရွာပြင်မှတော့ သူတို့တပ်စွဲပြီး နေရာတွေယူထားတယ်။ ကုန်းအမြင့်တွေမှာတော့ အကုန် နေရာယူထားတာ။ ရွာကတံခါးပိတ်ထားတဲ့ အိမ်တွေကလူတွေ ပြန်လာကြဖို့ခေါ်တယ်။ ပြန်မလာရင် တံခါးပိတ်ထားတဲ့ အိမ်တွေကို မီးရှို့မယ်လို့လည်း ပြောနေတယ်။ လောလောဆယ်တော့ လူ ၂၅ ယောက်လောက်ကို ဖမ်းပြီး စစ်ဆေးနေတယ်”
အိမ်ခြေ ခုနစ်ရာလောက်ရှိတဲ့ ရွာကိုပိတ်ဆို့ထားတာကြောင့် ဒေသခံတွေပိတ်မိနေသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ တောင်ပေါ်ရွာဖြစ်တာကြောင့် အခုလိုပိတ်ထားတာ ရက်ကြာလာရင် စားဝတ်နေရေး ခက်ခဲလာနိုင်တယ်လို့ သူကဆိုပါတယ်။
အောက်တိုဘာ ၃၁ ရက် မနေ့ကတော့ ဒိုးနွယ်ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ သပိတ်ကျင်းမြို့နယ် မေ့ဆေးဆင်စခန်းက နေအိမ်နဲ့တဲအိမ် အလုံး ၄၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးလိုက်ပြီး အဲဒီနေရာမှာလည်း စစ်ကောင်စီတပ် စခန်းချတပ်စွဲထားတယ်လို့ သူကဆိုပါတယ်။
မနေ့ကနှစ်ဖက်တိုက်ပွဲမှာ PDF တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၄၅ ဦး သေဆုံးတယ်လို့ ပြောဆိုမှုတွေရှိပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီကိစ္စကို မသိရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ စဉ့်ကူးမြို့နယ် နွယ်ရုံရွာရဲကင်းစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလည်း ရှိပါတယ်။
လက်ရှိမှာတော့ စဉ့်ကူးမြို့နယ်အပါအဝင် စဉ့်ကူးမြို့နယ်နဲ့ထိစပ်နေတဲ့ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ် စတဲ့ သုံးမြို့နယ်ပေါင်းမှာ စစ်ကောင်စီတပ်က အင်အား ရှစ်ရာကျော်လောက်နဲ့ တပ်ဖြန့်နေရာယူထားတယ်လို့ ဒေသခံတွေနဲ့ အဲဒီဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။