မြန်မာရွေးကောက်ပွဲ စင်္ကာပူ အတိုက်အခံပါတီ လက်မခံ

စင်္ကာပူနိုင်ငံ ဟွန်လင်း ပန်းခြံမှာရှိတဲ့ Speakers’ Corner မှာ စင်ကာပူ အတိုက်အခံပါတီက ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံကြောင်း ကန့်ကွက်ပွဲတခု ကျင်းပခဲ့ပါတယ်။

2010.10.30

အဲဒီ ကန့်ကွက်ပွဲမှာ စင်င်္ကာပူ အတိုက်ခံပါတီ ခေါင်းဆောင်တွေက ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတာဟာ မလုပ်သင့်တဲ့ အရာ ဖြစ်ပြီး စင်္ကာပူ အစိုးရကိုလည်း မြန်မာ့အရေးကို အခုထက်ပိုပြီး စိတ်ဝင်တစား လုပ်သင့်ကြောင်း တိုက်တွန်း ပြောကြားသွားတယ်လို့ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသားတဦးက ပြောပြပါတယ်။

“သူတို့ အဓိက ပြောတာက ဒီရွေးကောက်ပွဲဟာ Free and Fair ရွေးကောက်ပွဲလည်း ဖြစ်မှာမဟုတ်ဘူး၊ ပြီးတာ့ ဒီရွေးကောက်ပွဲဟာ လုပ်စရာလည်း မလိုဘူး၊ ဘာလို့လဲ ဆိုတော့ ၁၉၉၀ တုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကနေ အနိုင်ရပြီးသား ဖြစ်တယ်၊ ဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ ပါတီကနေ အစိုးရ ဖြစ်နေရမယ်။ အခု ရွေးကောက်ပွဲဟာ ပထမဟာကို အသိအမှတ်မပြုတဲ့ဟာ ဖြစ်နေတယ်။ ဒီရွေးကောက်ပွဲဟာ ဆိုရင်လည်း စစ်အစိုးရက နေပြီးတော့ အရေခွံ ပြောင်းပြီးတော့ အစိုးရ လုပ်ဖို့အတွက် လုပ်နေတဲ့ဟာလည်း ဖြစ်တယ်ပေါ့လေ။ ပြီးတော့ သူတို့အနေနဲ့ တိုက်တွန်းတာက စင်္ကာပူ အစိုးရဟာ မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီး မြှုပ်နှံနေတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ စင်္ကာပူ အစိုးရအနေနဲ့ သူတို့ပြောနေတာက Free and Fair Election လို့ပဲ ပြောနေတယ်၊ အမှန်မှာဆိုရင် ဒီထက်မက ပြောသင့်တယ်လို့ ပြောသွားတယ်”

စင်္ကာပူနိုင်ငံရဲ့ အခြေခံဥပဒေအရ စင်္ကာပူ နိုင်ငံသားတွေသာ လူထုရှေ့ ထွက်ပြီး ကန့်ကွက် စကားပြောခွင့် ရတဲ့အတွက် တက်ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံတဲ့အကြောင်း ကိုယ်တိုင် ပြောဆိုခွင့် မရခဲ့ဘူးလို့လည်း ပြောပြပါတယ်။ ဒါပေမယ့် တက်ရောက်ကြတဲ့ မြန်မာနိုင်ငံသား ၅၀ လောက်က တီရှပ်အင်္ကျီ အနီရောင်တွေ ဝတ်ဆင်ထားသလို တချို့ကတော့ NO တံဆိပ်ပါ တီရှပ်တွေကို ဝတ်ဆင်ထားတယ်လို့ ပြောပြပါတယ်။

ဒီအခမ်းအနားအပြီးမှာ စင်ကာပူနိုင်ငံသား လ့ူအခွင့်အရေး လှုပ်ရှားသူတွေကလည်း ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့နဲ့ ရွေးကောက်ပွဲ လေ့လာသူတွေကိုလည်း မဲရုံတွေမှာ သွားရောက် လေ့လာခွင့် ပေးသင့်ကြောင်း အခမ်းအနားကို အဲဒီ Speakers’ Corner မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။