ဆင်းမ်ကတ်မှတ်ပုံမတင်ရင် အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်
2023.09.27

ဆင်းမ်ကတ်တွေကို မှတ်ပုံမတင်ရင် ဒါမှမဟုတ် လိမ်လည်မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် တွေကို ရောင်းချရင် ထောင်ခြောက်လအထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၇ ရက် ဒီကနေ့ စစ်ကောင်စီအာဘော်သတင်းစာတွေက တစ်ဆင့် ထုတ်ပြန်တဲ့ အဲဒီ ထုတ်ပြန်ချက်မှာ မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်ကို တစ်ဆင့် လွှဲပြောင်းရယူပြီးရင် လက်ရှိအသုံးပြုသူရဲ့ အချက်အလက်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါတွေကိုမလိုက်နာရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ အရေးယူမယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဟာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြေညာစာနဲ့ တားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ခြောက်လထက် မပိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးနဲ့ အရေးယူနိုင်ပါတယ်။
စစ်ကောင်စီက ဆင်းမ်ကတ် မှတ်ပုံတင်ရေး တင်းတင်းကျပ်ကျပ်လုပ်လာတာက သုံးစွဲသူတွေရဲ့ လုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ရန်ကုန်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
"ပုံမှန်အခြေအနေမှာတော့ ဒီလို စနစ်တကျ မှတ်ပုံတင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အာဏာသိမ်းခံထားရတဲ့ အခြေအနေမှာဆိုတော့ လုံခြုံရေးအရ စိုးရိမ်စရာ ဖြစ်လာပြီ။ ဆင်းမ်ကတ်မှတ်ပုံတင်ဖို့အတွက် အရေးယူမယ်လို့ပါ ခြိမ်းခြောက်လာတယ်"
စစ်ကောင်စီဟာ ဖုန်းကြားဖြတ်နားထောင်၊ အာဏာရှင်ဆန့်ကျင်ရေး စကားလုံးတွေကို ဉာဏ်ရည်တုနည်းပညာ (AI) စနစ်နဲ့ ဖမ်းယူထားနိုင်ခြေရှိသလို နေအိမ်အထိ လာရောက်ဖမ်းဆီးတာတွေ လုပ်လာနိုင် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆင်းမ်ကတ်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ Atom သုံးစွဲသူ ၁၈ သန်း၊ Ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ Mytel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။