ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ကြောင်း ပြောဆို


2013.03.06
dassk-parliment-305 မတ် ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်
Photo : RFA/ Win Naung Toe

ပါတီမှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး ၂ဝ၁ဝ နဲ့ ၂ဝ၁၂ ခုနှစ်တွေမှာ ချမှတ်ခဲ့ရတဲ့ဆုံးဖြတ်ချက် ၂ ခုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အခက်အခဲဆုံး ဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောဆိုလိုက်ပါတယ်။

" ၂၀၁၀ တုန်းက ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်မလား ရွေးကောက်ပွဲဝင်မလား၊ မဝင်ဘူးလား ဒီဆုံးဖြတ်ချက်က အင်မတန်မှ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပဲ၊ ဒါကျွန်မတို့ စွန့်စားပြီးတော့ ဆုံးဖြတ်ခဲ့ရတာပဲ၊ နောက်တစ်ခါပြန်ပြီးတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်မလား အခြေအနေပြောင်းလာတာနဲ့အမျှ ကျွန်မတို့က ပြန်ပြောင်းပြီးတော့ မှတ်ပုံတင်မလား ရွေးကောက်ပွဲဝင်မလားဆိုတာလည်း ခက်ခဲတဲ့ ကိစ္စပဲ"

လာမယ့် သောကြာနေ့မှာ ပထမအကြိမ်ပြည်လုံးကျွတ် ညီလာခံ ကျင်းပမယ့် NLD ပါတီအနေနဲ့ ၁၉၈၈ ခုနှစ်  ပါတီကို စတင် တည်ထောင်ချိန်ကနေ အခုအထိ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ထဲမှာ ဘယ်ဆုံးဖြတ်ချက် တွေဟာ အခက်အခဲဆုံးပါလဲလို့ RFA  က မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂ဝဝ၃ ခုနှစ် မေလက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာမှာ သူမလိုက်ပါတဲ့ NLD စည်းရုံးရေး ယာဉ်တန်းကို လက်နက်ကိုင် လူရမ်းကားတွေက စောင့်ဆိုင်းတိုက်ခိုက်ခဲ့လို့ လူအများအပြား သေကြေ ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပါတီဝင်တွေ သေဆုံးရမှုနဲ့ တရား ဥပဒေစိုးမိုးမှု ကင်းမဲ့ခဲ့တာတွေ အတွက် စိတ်မကောင်းဖြစ်မိပေမယ့် မိမိကိုယ် ရန်ရှာခဲ့မှု တခုအဖြစ် အမျက်ဒေါသ အာဃာတ မရှိပါဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

" ဆုံးပါးသွားတဲ့ သူတွေအတွက် စိတ်မကောင်းဘူး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက် စိတ်မကောင်းဘူး၊ တရားဥပဒေစိုးမိုးရေးမရှိခဲ့တာ အတွက်စိတ်မကောင်းဘူး၊ ကျွန်မအတွက်တော့ စိတ်ထဲမှာ ဘာမှမရှိပါဘူး၊ ကျွန်မကို လုပ်ခဲ့လေခြင်းဆိုတဲ့ စိတ်လဲမရှိပါဘူး"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။