တိုင်းရင်းသားပါတီနှစ်ခု တရားဝင်ပါတီ တည်ထောင်ခွင့်ရ
2013.10.30
တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ကချင်ပြည်နယ ်ဒီမိုကရေစီပါတီ KSDP နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) LNDP တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့်ပြုလိုက်ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာက လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတွေမှာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ RFA ကိုပြောပါတယ်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျနော့်ကို ဒီနေ့ပဲ ပါတီမှတ်ပုံတင်ချပေးပြီဆိုတာကို အကြောင်းကြားလာတယ်၊ မှတ်ပုံတင်ကျပြီဆိုတော့ ပါတီကို စနစ်တကျ ဖွဲ့စည်းသွားဖို့ရှိပါတယ်၊ ကျနော်တို့ကတော့ ပြည်နယ်အတွင်း လှုပ်ရှားဖို့ပါပဲ၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဘက်မှာလည်း တချို့တလေလွှတ်နိုင်ဖို့ ကြိုးစားပါမယ်၊ အဓိကပါတီမူဝါဒရပ်တည်ချက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံသွားမယ်”
အလားတူပဲ မနေ့က ပါတီထောင်ခွင့်ရခဲ့တဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူမယ့် ဦးလာမာလေးကလည်း လီဆူတိုင်းရင်းသား အရေးကိစ္စတွေကိုအခြေခံပြီး ဒေသနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“အောက်တိုဘာလ ၂၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြုတယ်၊ အကြောင်းကြားစာကို Fax နဲ့ ပို့ပေးတယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ တိုးတက်ဖို့ဆိုတာ လီဆူလူမျိုးတစ်မျိုးအတွက်ပဲလုပ်ဖို့ မဖြစ်နိုင်ဘူး၊ လီဆူလူမျိုးကို အခြေခံပြီးတော့မှ အခြားတိုင်းရင်းသားတွေအတွက်ကော ဒေသအကျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ကျနော်တို့ လီဆူလူမျိုးတွေက ကချင်ပြည်နယ်မှာလည်းရှိတယ်၊ ရှမ်းပြည်နယ်မှာလည်းရှိတယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းမှာ အနှံ့အပြားနေထိုင်တယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွဲ့စည်းသွားမှာပါ”
အဲ့ဒီပါတီနှစ်ခုအပြင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP နဲ့ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ KNCDP တို့ဟာလည်း ပါတီထောင်ခွင့်ရထားတာကြောင့် အခုဆိုရင် ကချင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ လေးပါတီ တရားဝင်ပါတီထောင်ခွင့် ရထားပြီဖြစ်ပါတယ်။