ဆက်သွယ်ရေးဥပဒေကို ပြင်ဆင် တဲ့ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်ထံ တင်ပြထား
2016.12.28

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြထားတယ် လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဌ သူရဦးရွှေမန်း က ဒီနေ့ ပြောပါတယ်။
နေပြည်တော် လွှတ်တော်ဝင်းထဲက ကော်မရှင်ရုံးခန်းမှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံစဉ် ပြောခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးကို Eleven Media တရားစွဲဆိုခံရမှုမတိုင်ခင် ချစ်သမီး ခေါ် မချောစန္ဒီထွန်း ဖမ်းဆီးခံရစဉ်ကတည်းက စဉ်းစားခဲ့တာဖြစ်တယ်လို့ သူရဦးရွှေမန်း က ပြောပါတယ်။
ထောင်ဒဏ်ကို ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း မူလဥပဒေပါ ပြဌာန်းချက်ကို ဥပဒေကြမ်းမှာ ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထောင်ဒဏ်ကို ၂နှစ်လို့ လျှော့ချလိုက်တဲ့အတွက် ရဲအရေးမပိုင်တဲ့ အမှုဖြစ်ကြောင်းနဲ့ အာမခံရရှိနိုင် မှာဖြစ်ကြောင်းနဲ့ အဲဒီဥပဒေထဲက အသရေဖျက်မှု ဆိုတာကိုလည်း ပယ်ဖျက်ထားတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးဥပဒေမှာပါတဲ့ ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူခံရရင် တိုင်ကြားခံရသူဟာ တရားရုံးက ဆုံးဖြတ်ချက်မချ မီ ထောင် ဒါမှမဟုတ် အချုပ်ကနေ တရားရင်ဆိုင်ရတာဖြစ်တဲ့အတွက် အဲဒီပုဒ်မကို ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေ လည်း ရှိပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဒါမှမဟုတ် အဆိုတို့ကို လွှတ်တော်ထံ တင်ပြထားတာမရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးခံထားရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး အဲဒီထဲမှာ သတင်းမီဒီယာ သမားတချို့ ပါဝင်ပါတယ်။