တပ်မတော်သားတွေ ကန့်ကွက်ပေမယ့် ဦးရွှေမန်းကော်မရှင် သက်တမ်း တစ်နှစ်တိုး
2018.02.28

သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဒုတိယအကြိမ် သက်တမ်းတစ်နှစ် တိုးဖို့အတွက် လွှတ်တော်ရဲ့ သဘောထားခံယူရာမှာ တပ်မတော်သားတွေဘက်က ကန့်ကွက်မှုတွေ ရှိပေမယ့် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက် ပါတယ်။
အဲဒီကော်မရှင်ဟာ ဒီနေ့မှာ သက်တမ်း တစ်နှစ်ပြည့်ပြီဖြစ်တာကြောင့် ဒုတိယအကြိမ် တစ်နှစ် သက်တမ်းထပ်တိုးဖို့ ဒီနေ့ လွှတ်တော်မှာ သဘောထားတောင်းယူရာမှာ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ကန့်ကွက်သူရှိတာကြောင့် စက်ခလုတ်နှိပ်ပြီး မဲခွဲရာမှာ ထောက်ခံမဲ ၂၉၅ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲ ရရှိတာကြောင့် သက်တမ်းတစ်နှစ်တိုးတာကို အတည်ပြုလိုက်တာပါ။ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးရှိတာဖြစ်ပြီး ဒီနေ့ မဲခွဲရာမှာ ကန့်ကွက်မဲ ၁၇၉ မဲ ရရှိခဲ့တာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်တွေအပြင် ပါတီလွှတ်တော် ကိုယ်စားလှယ်တွေထဲမှာလည်း ဒီကော်မရှင် သက်တမ်းတိုးတာကို ကန့်ကွက်သူတွေ ရှိနေတာဖြစ်ပါတယ်။
အဲဒီကော်မရှင်ဟာ ၂၀၁၆ ခုနှစ်က ပြည်သူ့လွှတ်တော်အဆင့် ဖွဲ့စည်းထားရာကနေ ပြည်ထောင်စုလွှတ်တော် အဆင့် ကော်မရှင်အဖြစ် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ က ကန့်ကွက်ခဲ့သလို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ပထမအကြိမ် သက်တမ်းတစ်နှစ်တိုးဖို့ လွှတ်တော်ရဲ့ သဘောထား ခံယူရာမှာလည်း ကန့်ကွက်ခဲ့ဖူးပါတယ်။