ဦးရွှေမန်းကော်မရှင် အဖွဲ့ဝင်တစ်ဦး အစားထိုးခန့်အပ်မှုကို ကန့်ကွက်ချက် ပယ်ချခံရ
2018.07.23
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်တစ်ဦး အစားထိုးခန့်အပ်တာကို ကန့်ကွက်သူတွေ ရှိပေမယ့် မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် ကန့်ကွက်ချက်ကို ပယ်ချလိုက်ပါတယ်။
ဒီကနေ့ စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကော်မရှင်အဖွဲ့ဝင်တစ်ဦး အစားထိုးခန့်အပ်ရေး အတွက် လွှတ်တော်ထံ တင်ပြရာမှာ တပ်မတော်သားတစ်ဦးက မတ်တပ်ရပ်ကန့်ကွက်တဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကန့်ကွက်မဲ ပေးခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း က ပြောပါတယ်။
"ဒီကော်မရှင်က အခြေခံဥပဒေနဲ့ မညီညွှတ်လို့ ကန့်ကွက်တာပါ၊ လူကိုကန့်ကွက်တာ မဟုတ်ဘူးလေ"
ပထမအကြိမ် လွှတ်တော်သက်တမ်း ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှာ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြည်သူ့လွှတ်တော်အတွက်သာ ဖွဲ့စည်းခဲ့တာပါ။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာလည်း ပြည်သူ့လွှတ်တော်အတွက် ထပ်မံဖွဲ့စည်းခဲ့ပေမယ့် မတ်လမှာတော့ ပြည်ထောင်စုလွှတ်တော်အဆင့်အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။
ပြင်ဆင်ဖွဲ့စည်းချိန်နဲ့ သက်တမ်းတိုးတဲ့ အချိန်တိုင်းမှာ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက အမြဲတမ်း မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။
ဒီကနေ့ မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ ၃၃၆ မဲ၊ ကန့်ကွက်မဲ ၁၇၆ မဲ နဲ့ ကြားနေ ၈ မဲ ရရှိတဲ့အတွက် ကန့်ကွက်ချက် ကို လွှတ်တော်က ပယ်ချလိုက်တာဖြစ်ပါတယ်။
ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်တဲ့အတွက် ဝေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး ကို အစားထိုး ခန့်အပ်တာ ဖြစ်ပါတယ်။