တန့်ဆည်မြို့နယ်က ရွှေကျင်ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရွှေကျင်ရွာကို မတ်လ ၂ ရက် မနေ့က စစ်ကောင်စီတပ် သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၃၀ ကျော် မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကျင်ရွာဟာ အိမ်ခြေ ၄၀ ခန့်ရှိတဲ့ရွာဖြစ်ပြီး နေအိမ် ငါးလုံးလောက်သာ မီးမလောင်ဘဲ ကျန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။
“ရွာက စိုက်ပျိုးရေးရွာဆိုတော့ သေးသေးလေးပါ။ ဘေးမှာ ပျူစောထီးရွာတွေရှိတော့ သူတို့ကလည်း ရွာတွေ မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်နေတာ။ အခုလည်း သူတို့လာတယ် ဆိုတာနဲ့ ထွက်ပြေးခဲ့ရတာပဲ။ အခုကတော့ တစ်ရွာလုံးနီးပါး ပါသွားတာပဲ။ ငါးအိမ် လောက်ပဲကျန်မယ်’’
မနေ့က ကျွန်းလည်ရွာကထွက်လာတဲ့ စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ရွှေကျင် ရွာမရောက်ခင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာကို မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦးခန့် သေဆုံးခဲ့တယ် လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရွှေကျင်ရွာ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ယခင်ကတော့ ကျေးရွာတွေ မီးရှို့ခံရတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုထားဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ်အလုံးပေါင်း ၆၁၅၈ လုံး မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၃၆၈၉ လုံးနဲ့ အများဆုံးဖြစ်တယ်လို့ စစ်ရေးနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သုတေသနပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့က မတ်လ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။