ရွှေကူမြို့မှာ ရွှေဖောင်တွေဗုံးကြဲခံရလို့ အလုပ်သမားလေးဦး သေဆုံး

RFA Burmese
2023.02.28
ရွှေကူမြို့မှာ ရွှေဖောင်တွေဗုံးကြဲခံရလို့ အလုပ်သမားလေးဦး သေဆုံး ကချင်ပြည်နယ်အတွင်းရှိ ရွှေတူးဖော်နေသည့်လုပ်ကွက်တစ်ခုကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝရွာအနီး ဧရာဝတီမြစ်အတွင်းမှာ (ရွှေကျင်) ရွှေရှာနေတဲ့ ဖောင်တွေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွှေဖောင် အလုပ်သမား လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၅ နာရီဝန်းကျင် စစ်ကိုင်းဘက်ကနေလာတဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လာရောက်ပစ်ခဲ့တာဖြစ်ပြီး မိုးစစ်ရွာနဲ့ ပေါက်ကုန်းရွာက အသက် ၄၀ အရွယ် ဒေသခံအမျိုးသားလေးဦး နေရာမှာတင် သေဆုံးခဲ့သလို ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ရွှေကူမြို့ခံ ကိုစစ်မျိုးက RFA ကို ပြောပါတယ်။

"အပစ်ခံရတဲ့နေရာမှာ ရွှေဖောင်နဲ့ ရွှေမျှောတွေက နှစ်ဆယ်ကျော်လောက် ရှိနေတယ်။ သေဆုံးတဲ့ သူတွေကတော့ မိုးစစ်ရွာက ဒေသခံတစ်ဦး၊ ပေါက်ကုန်းရွာက သုံးဦးလို့ သိထားပါတယ်။ ရွှေဖောင်မှာသုံးတဲ့ ပစ္စည်းတွေလည်း ပျက်စီးတယ်။ လူတွေလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်။ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သက်သက် ရွှေဖောင်တွေကို လာပစ်တာ"

ရွှေဖောင်တွေ ပျက်စီးဆုံးရှုံးတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံစာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီနေရာမှာ စက်ယန္တရားကြီးတွေနဲ့ အကြီးစားရွှေတူးဖော်နေတာမျိုးမရှိဘဲ ရွှေကူ မြို့နယ်က လက်လုပ်လက်စား ဒေသခံတွေ တစ်ပိုင်တစ်နိုင်သာ လုပ်ကိုင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရှိသူ တိုင်း လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့များလာတာကြောင့် ကချင်ပြည်နယ် အတွင်းမှာ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်သူ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။