စစ်အာဏာရှင် ဆန့်ကျင်ရေး ရွှေတိဂုံစေတီမှာ NGYSC ဆန္ဒပြ
2024.10.17

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်က ရွှေတိဂုံစေတီတော်မှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ညက စစ်အာဏာရှင် ကျဆုံးရေး စာသားကပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုလုပ်ခဲ့တယ်လို့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) က ထုတ်ပြန်ပါတယ်။
ဘုရားပန်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကပ်ပြီး ဘုရားပူဇော်တာနဲ့ ပြည်သူလုထုကို လှုံ့ဆော်တဲ့အနေနဲ့ အာဏာရှင်ကိုတော်လှန်တဲ့ စတေကာတွေကပ်တဲ့ လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တာပါ။
နိုင်ငံတစ်ဝန်းမှာ စစ်ဖြစ်နေပြီး တော်လှန်ရေးအတွက် ရန်ကုန်ကပါဝင်နေတယ်ဆိုတာ သိစေနိုင်ဖို့ လူစည်ကားတဲ့ ရွှေတိဂုံစေတီမှာ လုပ်ဆောင်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“သီတင်းကျွတ်မှာ မြို့ပြကလူတွေ ပျော်နေသလို တချို့ဒေသတွေမှာ အခက်ခဲတွေများစွာနဲ့ ကြုံနေရပါတယ် နောက်ပြီးလူထု တွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေ အခက်အခဲတွေရဲ့အဓိကတရားခံကတော့ "စစ်သုံးစစ်" ဖြစ်တယ်ဆိုတာကို သတိရကြဖို့ လူစည်တဲ့ ရွှေတိဂုံမှာ Sticker ကပ်ဖြစ်ပါတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေ အမြဲတော်လှန်ပုန်ကန်နေပါတယ်ဗျ”
ရန်ကုန်မြို့က မြို့ပြတော်လှန်ရေးမှာ ပါဝင်နေတဲ့လူငယ်တွေ ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တင်းကျပ်ထားတဲ့ကြားက စစ်အာဏာရှင်တော်လှန်ရေးကို ရတဲ့နည်းနဲ့ လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်သီတင်းကျွတ် လှုပ်ရှားမှုအနေနဲ့ “ဓမ္မကိုပူဇော် အဓ္မမကိုလောင်ကျွမ်း” ဆောင်ပုဒ်နဲ့ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
မှတ်ချက် ။ ။ ရွှေတိဂုံစေတီတော်၏ တည်နေရာကို ဗဟန်းမြို့နယ်ဟု ဖော်ပြထားသည်ကို ဒဂုံမြို့နယ်ဟု ပြင်ဆင်ထားပါသည်။