ရွှေဘိုမြို့မှာ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

RFA Burmese
2023.01.16
ရွှေဘိုမြို့မှာ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်သတ်ဖြတ်ခံရ အသတ်ခံရသည့် အသက် ၁၁ နှစ်အရွယ် မပွားစိန်၏ ရုပ်အလောင်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ဇန်နဝါရီလ ၁၂ ရက်နေ့က မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကိုလည်း ဖမ်းမမိသေးဘူးလို့ ရွှေဘိုမြို့ခံတွေက RFA ကို ပြောပါတယ်။

ရွှေဘိုမြို့၊ ပန်းခြံတောင်ဘက်လမ်းဘေးမှာ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်၊ ပိန်းဥပြုတ် ရောင်းနေတဲ့ အသက် ၁၁ နှစ်အရွယ် မပွားစိန်ဟာ ဇန်နဝါရီလ ၁၂ ရက်ညပိုင်းမှာ ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းမှာတော့ ရွှေဘိုမြို့ရှောင်လမ်းဘေး လယ်ကွင်းထဲမှာ သေဆုံးလျက် တွေ့ခဲ့တာပါ။

အလောင်းပြန်တွေ့ချိန်မှာ ခန္ဓာကိုယ်အောက်ပိုင်း အ၀တ်မပါသလို လည်ပင်းညှစ်ဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“တရားခံကိုတော့ မမိသေဘူး။ ရွှေဘိုမြို့က ရဲတွေကလည်း စစ်တပ်ဆန့်ကျင်သူတွေနဲ့ PDF တွေ ဖမ်းဖို့လောက်ပဲ စိတ်ဝင်စားတာ။ အခုဆေးရုံကလည်း ဆေးစစ်ချက်ကို ဘာမှမသိကြရဘူး။ တွေ့တဲ့အချိန်မှာ လည်း ကလေးမှာ အဝတ်မရှိတော့ဘူး။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေလည်းရှိတယ်။ ဒီလောက်ဆိုးတဲ့ သက်ငယ်မုဒိမ်းမှုကို မြန်မြန်ဖမ်းမိစေချင်တယ် ”

မပွားစိန်ဟာ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်မှာ အဘွား၊ မိခင်၊ အစ်မဖြစ်သူတို့နဲ့အတူ နေထိုင်ခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဇန်နဝါရီလ ၁၄ ရက် နေ့လယ် ၃ နာရီမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရွှေဘိုမြို့ရဲစခန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့က စိတ်မနှံ့တဲ့ အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦး နှစ်ရက်ခန့် ပျောက်ဆုံးခဲ့ပြီးနောက် ရွှေဘိုအနောက်ဘက် ညောင်ပင်သာရွာဘက်မှာ မုဒိမ်းကျင့်ခံရပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ခဲ့တယ်လို့ ရွှေဘို မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။