သိန္နီမြို့က ဒုက္ခသည်တွေရှိတဲ့နေရာ ရှော့တိုက်ဒုံးကျတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.12.04
သိန္နီမြို့က ဒုက္ခသည်တွေရှိတဲ့နေရာ ရှော့တိုက်ဒုံးကျတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် သိန္နီမြို့နယ်အတွင်းမှ ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က ဒုက္ခသည် ၁၃၀၀ လောက်နေထိုင်တဲ့ ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းထဲကို ဒီဇင်ဘာ ၄ ရက်ဒီနေ့မနက် ၅ နာရီခန့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ကျောင်းခမ်းဘုန်းကြီးကျောင်းထဲမှာ ကျောင်းခမ်းရွာ၊ ကောင်းလောက်စောက်ရွာ၊ ရွာသစ်ရွာနဲ့ နမ့်ဟူးတောင်ရွာက ဒေသခံ ၁၃၀၀ လောက် ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး ထိတ်လန့်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရှမ်းမြောက်ဒေသ အခြေစိုက် ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်က ကျောင်းခမ်းဘုန်းကြီးကျောင်းထဲ ရှော့တိုက်ဒုံးကျတာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး လန့်ပြီး သေသွားတယ်ဗျ။ အမျိုးသမီးနှစ်ယောက်က ဒဏ်ရာရသွားတယ်။ အသက် ၆၀ အရွယ်တွေပဲ။ ကျွန်တော်တို့ ဘယ်လိုမှ ကူညီလို့မရဘူးဖြစ်နေတယ်။ စားနပ်ရိက္ခာလည်း ပြတ်နေကြပြီဗျ”

ဘယ်အဖွဲ့ကပစ်လိုက်တဲ့ ရှော့တိုက်ဒုံးဆိုတာကိုတော့ တိတိကျကျ မသိရသေးသလို ဒီတစ်ကြိမ်နဲ့ဆိုရင် ဒုက္ခသည် စခန်းထဲ လက်နက်ကြီးကျတာ ငါးကြိမ်ရှိပြီလို့ ဆိုပါတယ်။

သိန္နီမြို့နယ်အတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေး ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးကလည်း ဒီမနက် ကျောင်းခမ်းရွာ ဘုန်းကြီးကျောင်းထဲ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အတည်ပြုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက သိန္နီမြို့ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး မြို့တစ်ဘက်ကမ်း ကျောင်းခမ်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ (၁၆) တပ်အပြင် အခြားတပ်ရင်းတွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ အစက ဒုက္ခသည်သုံးထောင်လောက် ရှိခဲ့ပေမယ့် အခုလိုလက်နက်ကြီးကျည် မကြာခဏ ကျရောက်ပေါက်ကွဲတာကြောင့် အများစုက ဘေးလွတ်ရာကို ထပ်မံထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကျန်နေတဲ့ ဒုက္ခသည် ၁၃၀၀ ခန့်ကတော့ နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီတပ်ရဲ့ ကန့်သတ်မှုကြောင့် ရွှေ့ပြောင်းခွင့်မရ ဖြစ်နေတာလို့ ကိုယ်တိုင်ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ခံထားရတာကြောင့် ဒုက္ခသည်တွေနဲ့ တစ်ခါတလေမှ အဆက်အသွယ်ရတယ်လို့လည်း သီန္နီကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒါ့အပြင် စားစရာတွေလည်း ပြတ်လပ်နေပြီး အကူအညီတွေလိုနေတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲကြောင့် သီန္နီမြို့နယ်အတွင်းက ဒေသခံတစ်သောင်းကျော်လည်း လားရှိုးနဲ့ နီးစပ်ရာမြို့တွေကို ထွက်ပြေး နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။