ဖမ်းဆီးခံထားရတဲ့ ဗန်းမောက် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌ PDF ပြန်လွတ်

2022.06.24
ဖမ်းဆီးခံထားရတဲ့ ဗန်းမောက် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌ PDF ပြန်လွတ် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တောင်ပိုင်းတာဝန်ခံ၊ ရှမ်းနီလူငယ်ဒုဥက္ကဋ္ဌ စိုင်းဆေလိုင် (ခေါ်) စိုင်းကျန်အောင်အား တွေ့ရစဉ်
ဓာတ်ပုံ - ရှမ်းနီအသံ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားတဲ့ ဗန်းမောက် မြို့နယ် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တောင်ပိုင်းတာဝန်ခံ၊ ရှမ်းနီလူငယ်ဒုဥက္ကဋ္ဌ စိုင်းဆေ လိုင် (ခေါ်) စိုင်းကျန်အောင်ကို ဇွန်လ ၂၃ ရက် ညနေပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ဗန်းမောက်မြို့ ရှမ်းနီလူငယ်ကွန်ရက်က RFA ကို ဒီနေ့ ပြောပါတယ်။

အဖမ်းခံရစဉ် ရရှိလာတဲ့ဒဏ်ရာအချို့ကို ဆေးကုသပေးနေတယ်လို့ ဗန်းမောက်မြို့ ရှမ်းနီ လူငယ်ကွန်ရက်ဥက္ကဋ္ဌ စိုင်းထွန်းအောင်က ပြောပါတယ်။

“သူ့ကိုဖမ်းသွားတဲ့ မံကပ်ရွာမှာပဲ ပြန်လာလွှတ်ပေးခဲ့တာပါ။ ကျေးလက်ဆေးပေးခန်းမှာ ညနေပိုင်းက ပြန်လာပို့သွားတာဗျ။ အခုတော့ သူ့ကိုစစ်ဆေးမေးတုန်းက မျက်နှာနဲ့ ကျောမှာ ဒဏ်ရာရထားတာရှိလို့ ဆေးကုသပေးနေပါတယ်”

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ ရှမ်းနီလူငယ် ဖမ်းဆီး ခံရတဲ့ကိစ္စအတွက် ပြေလည်မှုရခဲ့ပြီဖြစ်တာကြောင့် လိုအပ်တာတွေကို ဆက်လက်စုံစမ်း ဆောင်ရွက်နေတယ်လို့ RFA ကို ပြောပါတယ်။

ရှမ်းနီ ရိုးရာစာပေကိစ္စဆောင်ရွက်နေတဲ့ စိုင်းဆေလိုင် (ခေါ်) စိုင်းကျန်အောင်ကို ဗန်း မောက်မြို့ တောင်ဘက် မံကပ်ဘုန်းကြီးကျောင်းမှာ ဇွန်လ ၁၉ ရက် နေ့လယ် ၂ နာရီ လောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

သူ့ကို နေရာ သုံး၊ လေးနေရာလောက် အဆင့်ဆင့်ပို့ဆောင်ခဲ့ပြီး ဌာနချုပ်လိုနေရာအရောက် မှာတော့ သတင်းထောက်လှမ်းရေးလုပ်နေတာ ဟုတ်၊ မဟုတ် အဓိကမေးမြန်းခဲ့တယ်လို့ ဗန်းမောက်မြို့ ရှမ်းနီ လူငယ်ကွန်ရက်က ပြောပါတယ်။

စိုင်းဆေလိုင် (ခေါ်) စိုင်းကျန်အောင်ကို ပြန်လွှတ်ပေးဖို့ မုံရွာအခြေစိုက် ရှမ်းနီ သွေးစည်း ညီညွတ်ရေးပါတီ၊ ရှမ်းနီ စာပေယဉ်ကျေးမှုအဖွဲ့ အပါအဝင် ပြည်တွင်းပြည်ပအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲ့ ၂၀ ဝန်းကျင်က ဇွန်လ ၂၁ ရက်နေ့ မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။