ရှမ်းနီပြည်နယ် သတ်မှတ်ပေးဖို့ ထပ်မံတောင်းဆို
2016.09.18

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ရှမ်းနီအမျိုးသားအကျိုးတော်ဆောင်အဖွဲ့က ဦးဆောင်ပြီး ရှမ်းနီပြည်နယ် သတ်မှတ်ပေးဖို့ ဒေသခံ အင်အား သောင်းဂဏန်းလောက် က ဒီကနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
ရှမ်းနီတစ်မျိုးသားလုံးရဲ့ဆန္ဒကို ၂၁ ရာစုပင်လုံမှာ တရားဝင်တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ လူထုအင်အားနဲ့ ထပ်မံတောင်းဆိုတာလို့ ရှမ်းနီလူငယ် ကွန်ရက်ခေါင်းဆောင် ကိုစိုင်းဆမ်းတွိုင် က ပြောပါတယ်။
"၂၁ ရာစုပင်လုံမှာ ကျနော်တို့တစ်မျိုးသားလုံးကိုယ်စား ဦးစိုင်းဌေးအောင်ကနေ ရှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာပေါ့၊ အဲ့ဒီဟာမတောင်းဆိုခင်ထဲကလည်း ရှမ်းနီအမျိုးသားတွေရဲ့ရင်ထဲ မှာ အားလုံးရှိပါတယ်ဗျ၊ ဒီ ၂၁ ရာစု ပင်လုံမှာ နိုင်ငံတော်အစိုးရကိုရော တရားဝင်တောင်းဆိုခဲ့တဲ့နောက်မှာ ကျနော်တို့ လူထုအင်အားနဲ့ ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ပြီးတော့မှ ဒီဆန္ဒပြပွဲဖြစ်ပေါ်လာတာပါဗျ"
၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားတိုးတက်ရေးပါတီက ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် အပါအဝင် ခန္တီး၊ တမူး၊ ကလေး၊ မော်လိုက်၊ ကသာ စတဲ့ခရိုင်တွေကိုစုပေါင်းပြီး ရှမ်းနီပြည်နယ်သတ် မှတ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ရှမ်းနီအမျိုးသားအကျိုးတော်ဆောင်အဖွဲ့က ဦးဆောင်ပြီး ရှမ်းနီလူငယ် ကွန်ရက်၊ ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှု အသင်း၊ မြို့နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အသင်းတို့နဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လယ်ဘူး၊ တမူး၊ ဗန်းမောက်နဲ့ မိုးညှင်း စတဲ့မြို့နယ်တွေက ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ရှမ်းနီလူမျိုး တရားဝင်သတ်မှတ်ပေးနိုင်ဖို့၊ ရှမ်းနီပြည်နယ်ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင် ငံ ဖြစ်ပေါ်လာဖို့၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အောင်ရမယ်စတဲ့ ကြွေးကြော်သံတွေနဲ့ ဟုမ္မလင်းမြို့မအား ကစားကွင်းကနေ မြို့တစ်ပတ်လှည့်လည်တောင်းဆိုခဲ့တာဖြစ်ပါတယ်။