PDF ဖမ်းထားတဲ့ ဗန်းမောက် ရှမ်းလူငယ် ဒုဥက္ကဋ္ဌကို ပြန်လွှတ်ပေးဖို့ တောင်းဆို
2022.06.23
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖမ်းဆီးထားတဲ့ ဗန်းမောက်မြို့နယ် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ရဲ့ တောင်ပိုင်းတာဝန်ခံလည်းဖြစ်၊ ရှမ်းနီ လူငယ်ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ စိုင်းဆေလိုင် (ခ) စိုင်းကျန်အောင်ကို ပြန်လွှတ်ပေးဖို့ မုံရွာအခြေစိုက် ရှမ်းနီ သွေးစည်းညီညွတ်ရေး ပါတီ အပါအဝင် ပြည်တွင်းပြည်ပအခြေစိုက် ရှမ်းအရပ်ဘက်အဖွဲ့ ၂၀ ၀န်းကျင်က ဇွန်လ ၂၁ ရက် နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
ရှမ်းနီ ရိုးရာစာပေကိစ္စဆောင်ရွက်နေတဲ့ စိုင်းဆေလိုင် (ခ) စိုင်းကျန်အောင်ကို ဗန်းမောက်မြို့နယ် တောင်ဘက် မံကပ်ဘုန်းကြီးကျောင်းမှာ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဗန်းမောက်မြို့ ရှမ်းနီလူငယ်ကွန်ရက်ဥက္ကဋ္ဌ စိုင်းထွန်းအောင် က ပြောပါတယ်။
“သူက နိုင်ငံရေးနဲ့ ပတ်သက်တာလည်းမရှိဘူး။ ရိုးရာစာပေယဉ်ကျေးမှုကိစ္စအတွက် အဓိကလုပ်နေတာ။ ပြန်လွတ်ပြီဆိုပြီး သတင်းတွေထွက်နေတာ ကျနော်တို့က အခုထိ သူနဲ့ အဆက်အသွယ် မရသေးဘူး”
စိုင်းဆေလိုင် (ခ) စိုင်းကျန်အောင်ကို ဖမ်းဆီးသွားတဲ့ PDF တပ်ဖွဲ့ဟာ ဘယ်အဖွဲ့ကဆိုတာကို တိတိကျကျ မသိရသလို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကို မသိရသေးတဲ့အတွက် NUG အစိုးရဘက်က ဒီကိစ္စကို စုံစမ်းပြီး တာဝန်ယူဖြေရှင်းပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း လှုပ်ရှားမှုရှိတဲ့အတွက် RFA အနေနဲ့ ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဒီနေ့ နေ့လယ်က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အလားတူ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကိုလည်း RFA က ဆက်သွယ်မေးမြန်းထားပြီး ဒီနေ့ညနေ ၅ နာရီအထိ အကြောင်းမပြန်ပါဘူး။