၂၁ ရာစု ပင်လုံညီလာခံကို ဖားကန့်မြို့နယ်က ကြိုဆိုထောက်ခံ


2016.06.27
shanni-21panglong-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့မှာ ဇွန်လ ၂၇ ရက်နေ့က ၂၁ ရာစု ပင်လုံညီလာခံကို ရှမ်းနီတိုင်းရင်းသားတွေ ကြိုဆိုထောက်ခံစဉ်
Photo: Sai Aung Myint Oo

ရှမ်းနီရိုးရာစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး လူအင်အား နှစ်ရာကျော်က ၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကာမိုင်းမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

မကြာခင် ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံဟာ တိုင်းရင်းသား လူမျိုးစုငယ်တွေအပါအဝင် အားလုံးကို ကိုယ်စားပြုပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့ အတွက် ထောက်ခံတာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစိုင်းဖဲအောင် က ပြောပါတယ်။

"လွန်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကျနော်တု့ိအတွက် တစ်ခုမှမျှော်လင့်ချက်မရှိခဲ့တဲ့အတွက် ဒါတွေလည်း အခွင့်အရေးဆုံးရှုံးမှုပါခင်ဗျ၊ ၂၁ ပင်လုံ ညီလာခံက စစ်မှန်တဲ့တရားဥပဒေနဲ့ တကယ်မျှမျှတတဖြစ်လိမ့်မယ် လို့ မျှော်လင့်လို့ ထောက်ခံကြိုဆိုတာပါ"

တရားဝင်ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ဒီပွဲကို မအူပင်၊ နန့်ယား၊ ရေကာတာ ၊ ရှဒူးဇွပ်၊ နောင်းမြီ စတဲ့ ကျေးရွာတွေ က ဒေသခံ ရှမ်းတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံ ပွဲကို ကာမိုင်းမြို့မှာ အများစုနေထိုင်တဲ့ တိုင်းလိုင် (ရှမ်းနီ) လူမျိုးတွေ ဦးဆောင်ခဲ့တာဖြစ်ပြီး တိုင်းခန္တီး၊ တိုင်းလုံ၊ တိုင်းလေ၊ တိုင်းဆာ စတဲ့ ရှမ်းတိုင်းရင်းသား တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှာ လူဦးရေ ၁ ဒဿမ ၆ သန်းကျော်ရှိပြီး ရှမ်းမျိုးနွယ်စုငါးမျိုး၊ ကချင်မျိုးနွယ်စု ခြောက်မျိုးနဲ့ ဗမာတိုင်းရင်းသားတွေအပါအဝင် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်း တချို့ကလည်း ကြိုတင်ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။