ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ရှစ်ဦးအထိ ရှိနေ


2019.08.25
ambulance-attack-622.jpg ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရရှိသွားတဲ့ လားရှိုးအခြေစိုက် လားရှိုးလူငယ် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကို ၂၀၁၉၊ သြဂုတ် ၁၇ ရက်နေ့က မြင်တွေ့ရစဉ်
ဓါတ်ပုံ - မိုင်းအနိုင်

သြဂုတ်လ ၁၅ ရက်နေ့ကစပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ရှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး၊ လမ်းပြအဖြစ်အတင်းအဓ္ဓမဖမ်းဆီး ခေါ်ဆောင်ခံရသူ လေးဦးရှိတယ်လို့ ရှမ်းပြည်နယ်( မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လမ်းပြအဖြစ်အတင်းအဓ္ဓမခေါ်ဆောင်ခံ ထားရသူ  လေးဦးနဲ့ နေအိမ် ငါးလုံး ပျက်စီးခဲ့ပြီး ဒီဆုံးရှုံးမှုတွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ယူ ဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လမ်းပြအဖြစ် ဖမ်းဆီးခံထားရသူ လေးဦးရှိတယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက

“ကျနော်တို့ဘက်က အခုလောလောဆယ် ဖမ်းဆီးထားတာ မရှိသေးဘူး။ ဖမ်းဆီးထားလို့ရှိရင်လည်း သတင်းထုတ်ပြန်ပေးတယ်။ မသင်္ကာလို့မို့ ဖမ်းဆီးထားတဲ့သူ တစ်ဦးတော့ရှိတယ်။ ပြင်ဦးလွင်ဘက်မှာ။ အဲဒါကတော့ စစ်ဆေးဆဲ။ ပြင်ဦးလွင်နယ်သားလည်း မဟုတ်ဘူး။ အဲဒီတစ်ယောက်တော့ ရှိပါတယ်”

HST-NSS အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်းက လမ်းပြအဖြစ်ခေါ်ဆောင်ခံထားရသူတွေ နေရပ်ပြန်ရောက်မရောက်ဆိုတာ သတင်းအတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က

“ကျနော်တို့ နယ်မြေဖြစ်တယ်။ လမ်းပြခေါ်စရာအကြောင်း မရှိဘူး။ ဖမ်းဆီးထားတဲ့သူလည်း မရှိဘူး။ သေဆုံးတဲ့ ရှစ်ဦးက ဘယ်သူလည်း ဘယ်ကလည်းဆိုတာ ကျနော်တို့လည်း အတိအကျမသိဘူး”

အရပ်ဖက်အဖွဲ့တွေရဲ့ ကြေညာချက်ထဲမှာ ပဋိပက္ခအတွင်း အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို ဘေးကင်းလုံခြုံစွာ သွားလာခွင့်ရအောင် လုပ်ဆောင်ပေးဖို့နဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာအနီးတဝိုက် ပစ်ခတ်တိုက်ခိုက်တာတွေ ရှောင်ရှားဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၅၀၀ ကျော်ရှိခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့မှာ လားရှိုးမြို့က မန်ဆူကျောင်းအပါအဝင် အခြားစစ်ရှောင်စခန်းတွေက ဒေသခံ ၂၀၀၀ ကျော် နေရပ်ပြန်သွားကြတဲ့အတွက် လက်ရှိမှာ စစ်ရှောင် ၂၀၀၀ ကျော်ကျန်ရှိနေဆဲ ဖြစ်တယ်လို့ (HST-NSS) အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ (HST-NSS) က ပြောရေးဆိုခွင့်ရှိ သူ ဦးဟောင်းဒေါင်းက အခုလို ပြောပါတယ်။

“၁၅ ရက်နေ့ကစပြီး ရှမ်းမြောက်မှာဖြစ်တဲ့နေရာမှာ လားရှိုးလိုမျိုး မန်ဆူကျောင်းတို့၊ ပြီးခဲ့တဲ့ ၂ ရက်လောက်က နမ့်ခမ်းမှာ ပြန်ဖြစ်တဲ့အခါမှာ တချို့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးတို့၊ လူကယ်ပြန်တို့ ကူညီနေတာတွေ့တယ်။ ဒါပေမဲ့ ဒီ လူ ၂၀၀၀ ကျော်ကို ဝေယျာဝစ္စအားလုံးကို ဒေသခံ အဖွဲ့အစည်းတွေ NGO က ဝိုင်းပြီး တသီးပုဂ္ဂလတွေက လာပြီးကူညီနေတာများပါတယ်။ အစိုးရက အခုထိ အများကြီး ကူညီထောက်ပံ့တာတော့ ကျနော်တို့ မတွေ့ရသေးဘူးပေါ့နော်”

စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူတွေ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့နဲ့ တိုက်ပွဲကြောင့် စားဝတ်နေရေးပြဿနာတွေ ကြုံနေရတဲ့ ဒေသတွေကိုလည်း အစိုးရဝန်ကြီးဌာတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အချိန်မီပို့ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အစိုးရဘက်က ဘယ်လိုကူညီဆောင်ရွက်ပေးမှုတွေ ရှိနေလဲဆိုတာသိနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးညွန့်လွင်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

လက်ရှိမှာ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်နေပြီး ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာကြီးကို ကွတ်ခိုင်နဲ့ မူဆယ်ဖက်က သွားတဲ့လမ်းတွေ ပိတ်ထားတဲ့အတွက် အရပ်ကားတွေမလာနိုင်တာ ရှစ်ရက်ခန့် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နမ့်ဖက်ကာကျေးရွာကြီးကို အနီးနားက နမ့်ခွန်၊ ပန်ကိုင်၊ လွယ်ကုန် အစရှိတဲ့ကျေးရွာငယ် တွေက ဒေသခံ ၂၀၀ နီးပါး လာရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ဒေသတွင်းကြုံနေရတဲ့ အခြေအနေကို နမ့်ဖက်ကာကျေးရွာ အခြေစိုက် မေတ္တာရှင်လူမှုကူညီရေးအသင်းက အမည်မဖော်လိုသူတစ်ဦးက အခုလို ပြောပါတယ်။

“အဆင်တော့ မပြေဘူးပေါ့။ ပုံမှန်လုပ်နေကြ တောင်ယာတွေလည်း သွားမရ။ လယ်ထဲမှာထားခဲ့တဲ့ ကျွဲတွေ၊ နွားတွေလည်း မစားရ ဆိုတော့ တော်တော်ဒုက္ခရောက်တာပေါ့၊ စစ်ရှောင်တွေဘာတွေ ရောက်လာတော့ စစ်ရှောင်တွေအတွက် ဘုရားကျောင်းတို့ ခန်းမတို့မှာထားတော့ အဲ့အတွက်ကို ပြင်ဆင်ရတာပေါ့။ လှူမယ်ဆိုရင်တောင် လှူမယ့်အဖွဲ့တွေ မလာနိုင်ဘူး။ ကွတ်ခိုင်ကနေ ဒီဘက်ကို လမ်းရှင်းတယ်သာပြောတာ။ စစ်ကားတွေသာ ရောက်လာတာ၊ အရပ်ကားတွေ တစ်စီးမှ ရောက်မလာသေးတော့”

ဒေသတွင်းမလုံခြုံတဲ့ အခြေအနေကြောင့် အမည်ထုတ်ဖော်မပြောလိုတာလို့ သူက ဆိုပါတယ်။

ဒီနေ့မနက် ၁၀ နာရီခန့်ကလည်း နမ့်ဖက်ကာကျေးရွာအနောက်က ရွှေမှော်တောင်ကြောကို ရဟတ်ယာဉ် နှစ်စီးနဲ့ တပ်မတော်က ပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ နမ့်ဖက်ကာ အနောက်ဖက် လေးမိုင်အကွာ လမ်းမတွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရဲ့ လားရှိုး-ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်ထောင်စုလမ်းမကြီးဟာ စားဝတ်နေရေးနဲ့ နိုင်ငံစီးပွားဆက်သွယ်ရေးအတွက် အဓိက ကျတဲ့အတွက် လုံခြုံရေး ရရှိအောင် တပ်မတော်က ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။