လေကြောင်းရန်စိုးရိမ်တာကြောင့် ပန်ဆိုင်းမှာ ကျောင်းနှစ်ရက်ပိတ်

RFA Burmese
2024.09.09
လေကြောင်းရန်စိုးရိမ်တာကြောင့် ပန်ဆိုင်းမှာ ကျောင်းနှစ်ရက်ပိတ် ရှမ်းပြည်နယ်၊ မုံးကိုးမြို့နယ်ကို ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း (ကြူကုတ်)ပန်ဆိုင်းမြို့က အထက်တန်းကျောင်းကို စက်တင်ဘာ ၁ဝ ရက်နေ့က စပြီး နှစ်ရက်ပိတ်ဖို့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့က အမိန့်ထုတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကို စက်တင်ဘာ ၉ ရက်နေ့က ပြောပါတယ်။

လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ စစ်ကောင်စီက ရန်နိုင်မင်းစစ်ဆင်ရေး စတင်လိုက်ပြီးနောက် လေကြောင်းက ဆက်တိုက်တိုက်ခိုက်နေတာပါ။

ပန်ဆိုင်းဟာ MNDAA ထိန်းချုပ်နယ်မြေမှာရှိပြီး ဗုံးလာကြဲမယ်လို့ သတင်းထွက်နေတာကြောင့် ကျောင်းတွေ ပိတ်တဲ့အကြောင်း အဲဒီဒေသခံက ပြောပါတယ်။

“ဒီနေ့ ကောလာဟလ ထွက်လာတာကတော့ လေယာဉ်နဲ့ဗုံးလာကြဲမယ်လို့လည်း သတင်းထွက်ပေါ်လာတာရှိတယ်။ ဒီနေ့ (စက်တင်ဘာ ၉) ရက် ကျောင်းသွားတက်တဲ့ ကလေးတွေကို အိမ်ပြန်ခေါ်လာခိုင်းခဲ့တယ်။ ပြီးတော့ နက်ဖြန် (စက်တင်ဘာ ၁၀) ရက် ကစပြီး ကျောင်း နှစ်ရက်ပိတ်မယ်လို့လည်း ပြောထားတယ်။ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဗုံးခိုကျင်းတွေ တူးထားဖို့လည်း မကြာခဏ ကိုးကန့်တပ်ဖွဲ့တွေကနေ သတိပေးထားတာရှိတယ်"

စက်တင်ဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ လေကြောင်းက ဗုံးကြဲတဲ့အတွက် ပန်ဆိုင်းကိုလည်း လာကြဲမှာကို စိုးရိမ်တဲ့အတွက် ကျောင်းပိတ်ခိုင်းတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ပန်ဆိုင်းမြို့မှာရှိတဲ့ အထက်တန်းကျောင်းဟာ အနီးအနားကျေးရွာတွေက ကျောင်းသူကျောင်းသားတွေ တက်ရောက်နေတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ ပန်ဆိုင်းမြို့ကို MNDAA တပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်နေ့ က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လတ်တလော ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်ဖွဲ့အပြင် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ သွားလာလှုပ်ရှားနေပါတယ်။

တောင်ကြီးမြို့ခရီးစဉ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေ ပြန်လည်ရရှိဖို့ လိုအပ်တာတွေ တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ စက်တင်ဘာ ၃ ရက်က ပြောပြီးနောက်ပိုင်း လေကြောင်းက ဆက်တိုက် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။