လူထုတွေ့ဆုံပွဲတွေ ဆက်မကျင်းပဖို့ CSSU ဆုံးဖြတ်
2017.12.24

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်နဲ့ ရှမ်းပြည်နယ် အစိုးရဘက်က တားမြစ်မှုတွေရှိလာတဲ့အတွက် မြို့၄ မြို့မှာ ကျင်းပဖို့ ကျန်နေတာကို ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU က ဖျက်သိမ်းလိုက်ပါတယ်။
အခုလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ရှမ်းပြည်နယ်အစိုးရဘက်က တားမြစ်စာရောက်ရှိလာတဲ့အတွက် မကျင်းပတော့ဖို့ ဆုံးဖြတ်လိုက်တာလို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။
"၂၂ ရက်နေ့ရက်စွဲနဲ့ ပြည်နယ်အစိုးရက ခရိုင်တွေကို ပြန်ပြီးတော့ ၁၉ ရက်နေ့ကထုတ်တဲ့စာကို လွှမ်းမိုးပယ်ဖျက်လိုက်ပြီဖြစ်တဲ့အကြောင်း စာပြန်ထပ် ထုတ်တယ်ပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့ က ဆွေးနွေးပွဲတွေကို ထပ်မလုပ်တော့ဘူး။ ကျန်တဲ့အဖွဲ့တွေလည်း အကုန်ရပ်လိုက်ကြပြီ"
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို အခုလ ၁၇ ရက်နေ့က ပင်လုံမြို့မှာ စတင်ကျင်းပခဲ့ရာမှာ တပ်မတော်ဘက်က စတင်တားမြစ်မှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က အခုလ ၁၉ ရက်နဲ့ ရက်စွဲနဲ့ လူထုတွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် အုပ်ချုပ်ရေးမှူးတွေဘက်က ကူညီဆောင်ရွက်မယ်လို့ အကြောင်းကြားစာထုတ်ပြန်ခဲ့ပါတယ်။
တပ်မတော်ဘက်က တားမြစ်တာတွေရှိပေမယ့် အစိုးရဘက်က ခွင့်ပြုထားတာကြောင့် ရှမ်းပြည်ညီညွတ်ရေး ကော် မတီ CSSU က လူထုတွေ့ဆုံပွဲတွေကို ဆက်လက်ကျင်းပခဲ့ရာမှာ မူဆယ်၊ သိန်းနီ၊ လားရှိုး၊ နမ့်ဆန်၊ လဲချား၊ မိုးညှင်း၊ တောကျွဲအင်း၊ လွိုင်ကော်၊ တာချီလိတ်၊ ကျိုင်းတုံနဲ့ ပင်လုံမြို့တွေမှာ ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၁၉ ရက်နေ့က ထုတ်ပြန်စာကို ပယ်ဖျက်ကြောင်းနဲ့ သတ်မှတ်ထားတဲ့ လင်းခေးမြို့မှာသာ ကျင်းပဖို့ နဲ့ လင်းခေးမြို့ကလွဲပြီး ကျန်တဲ့နေရာမှာ ကျင်းပတာကို ခွင့်မပြုကြောင်း အကြောင်းကြားလာတဲ့အတွက် ကျင်းပဖို့ ကျန်နေသေးတဲ့ ခိုလန်မြို့အနီးက ကာလိ၊ တောင် ကြီး၊ ကျောက်မဲနဲ့ မန္တလေးပွဲတွေကို CSSU ဘက်က ဖျက်လိုက်တာဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်း လင်းခေးမြို့မှာ ကျင်းပမယ်လို့ လျာထားတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးလည်း အခုလ မကုန်ခင် CSSU အဖွဲ့ဝင်တွေ ဆွေးနွေး ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။