ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ ပိုးလမ်းမစီမံကိန်းကိစ္စ ဆွေးနွေး

2020.12.20
ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ ပိုးလမ်းမစီမံကိန်းကိစ္စ ဆွေးနွေး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၇၊ မေလအတွင်းက CSSU နှစ်ပတ်လည်အစည်းအဝေး ကျင်းပစဉ်
Photo: RFA

တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း BRI – CMEC ကိစ္စမှာ မြေသိမ်းယာသိမ်း ပြဿနာတွေ ရှိနေပြီး ပြည်သူတွေ အခက်အခဲ ပိုမိုကြုံတွေ့လာမယ်ဆိုရင် ပြည်ထောင်စု အဆင့်အထိ တင်ပြဆွေးနွေးသွားမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ၃ ရက်ကြာ အထူးအစည်းအဝေးမှာ BRI – CMEC နဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ရှမ်းပါတီတွေ တွေ့ဆုံနိုင်အောင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အနေနဲ့ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

CSSU မှာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မထိုးရသေးတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA အဖွဲ့လည်း ပါဝင်ပါတယ်။ CSSU အနေနဲ့ ရှမ်းပြည်နယ်မှာ ၈၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံ ထားနိုင်တဲ့ အဖွဲ့ ဖြစ်တာကြောင့် လက်ရှိအစိုးရနဲ့ တပ်မတော်တို့ဟာ CSSU အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ပိုမိုကောင်းမွန်တဲ့ အခြေအနေဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အစည်းအဝေးကို အွန်လိုင်းကနေ ဒီဇင်ဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့တို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့၊ ရှမ်းပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ထိုးစစ်ဆင်မှုတွေ၊ တိုက်ပွဲနဲ့ စီမံကိန်းတွေကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသခံ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မလုံခြုံမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

မတူတဲ့အဖွဲ့အစည်းတွေက ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်နေပေမယ့် အတူတကွ ပူးပေါင်း လုပ်ဆောင်လို့ရတဲ့ အခြေအနေတွေကို ဖန်တီးနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အခြား တိုင်းရင်းသားတွေ နဲ့လည်း ပူးပေါင်းလုပ်ကိုင်လိုစိတ်ရှိတယ်လို့ ပြောပါတယ်။

ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ကို ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အစည်းအဝေးကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ SSJAC ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းပါတီနဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ် ၆၅ ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။