SSPP ခေါင်းဆောင်တွေနဲ့ ကျားဖြူပါတီ ဥက္ကဋ္ဌ တွေ့ဆုံ
2018.03.24

NCA စာချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပါဝင်လာနိုင်ရေးအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့အဖွဲ့ဟာ SSPP/SSA ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းမှာ SSPP ပါဝင်နိုင်အောင် ပါတီတာဝန်ရှိသူတွေဘက်က တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းအောင်မြင့်ခိုင်က ပြောပါတယ်။
"ကောင်းမွန်တဲ့ရလဒ်လို့တော့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်ခင်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လက်တွဲ ဆောင်ရွက်သွားနိုင်ဖို့ ကျနော်တို့ဘက်ကလည်း တိုက်တွန်းတာလည်း ပြောလို့ရပါတယ်။ ဘယ်လိုသွားနိုင်မလဲ ဆိုတဲ့ နည်းလမ်းလေးတွေ ကျနော်တို့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဆုံးဖြတ်ချက်တော့ ကျနော်တို့ ဘာမှဆုံးဖြတ်လို့ မရပါဘူး။ NCA လုပ်ငန်းမှာ ထိုးခြင်း၊ မထိုးခြင်းတွေ ကျနော်တို့ ဘယ်လို အကျိုးမြတ်ရှိနိုင်လဲ။ ဒါတွေကတော့ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေပါ"
SSPPနဲ့ SNDP ကြား အခုလိုတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နှစ်ဖက်တွေ့ဆုံနိုင်ရေးအတွက် အချိန်ယူ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ SSPP/SSA ၊ RCSS အပါအဝင် ရှမ်းပါတီတွေဖြစ်တဲ့ SNDP နဲ့ SNLD တို့ပါဝင်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ ဒီနှစ်အတွက် အလှည့်ကျ သဘာပတိတာဝန်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS/SSA ၊ TNLA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ဘေးဒုက္ခသည်ဦးရေဟာလည်း တစ်နေ့တစ်ခြား ပိုတိုးလာနေပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CSSU အနေနဲ့ လတ်တလောမှာ ဆွေးနွေးဖို့မရှိသေးဘူးလို့ သိရပါတယ်။