UPDJC အစည်းအဝေး ကျင်းပမည်
2018.02.22

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် ထည့်သွင်းဆွေးနွေးနိုင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို အခုလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ ကျင်းပမယ့် အကြောင်းအရာတွေကို ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုရမှာဖြစ်တယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
"ဆွေးနွေးမယ့် အကြောင်းအရာကတော့ ကျနော်တို့ ၂၆ မှာ အတွင်းရေးမှူး အစည်းအဝေး အရင်ခေါ်ပါ့မယ်။ အတွင်းရေးမှူး အစည်းအဝေးမှာ UPDJC မှာ ဘယ်အကြောင်းအရာတွေ အဓိက ဆွေးနွေးပြီးတော့ ဆုံးဖြတ်စရာရှိတာ ဆုံးဖြတ်မယ်ဆိုတာ ဒီ အတွင်းရေးမှူး အစည်းအဝေးကျမှပဲ အတည်ပြုရမယ့် သဘောပါ။ ဟိုဘက် ဒီဘက်တွေ ဆွေးနွေးထားတာတွေလည်း ရှိတာကိုး။ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) ဘက်ရော အစိုးရဘက်ရော သူတို့ စဉ်းစားချက်တွေတော့ ရှိတာပေါ့လေ။ နိုင်ငံရေး ပါတီဘက်ကရော။ အဲဒီနေ့မှာကျမှ ဒါဆွေးနွေးရမယ့် သဘောပါ"
အဲဒီ အစည်းအဝေးမှာ မကြာသေးခင်က NCA လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီက ပြုလုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆွေးနွေးမှာဖြစ်သလို လက်ရှိရပ်ဆိုင်းထားရတဲ့ ရှမ်းပြည်နယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက်ပါ ထည့်သွင်းဆွေးနွေးနိုင်ဖို့ရှိပါတယ်။
နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်တွေ ထပ်တိုးလာ တာကြောင့် UPDJC ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ကိုလည်း အဲဒီ အစည်းအဝေးမှာ ဆွေးနွေးနိုင်တယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
ယခုလ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့က NCA စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့အတွက် UPDJC မှာ အဲဒီနှစ်ဖွဲ့ ပါဝင်နိုင်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လိုအပ်တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ UPDJC အဖွဲ့မှာ အစိုးရကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီအစုအဖွဲ့တွေက လူပုဂ္ဂိုလ် စုစုပေါင်း ၄၈ ဦး ပါဝင်နေတာဖြစ်ပါတယ်။